ကျောက်မဲ ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အတွက် Mask Campaign ကို ယမန်နေ့နံနက်ပိုင်းက လူစည်ကားရာ နေရာများဖြစ်သည့် ဗဟိုဈေးကြီး၊ မင်္ဂလာဈေးနှင့် အခွန်လွတ်ဈေးရှိ လမ်းဆုံနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaign ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေ၏ ဦးဆောင်မှုဖြင့် အမှတ် ၁၂၄ ယာဉ်ထိန်းတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာန၊ စည်ပင်သာယာရေးဌာန၊ မီးသတ်ဦးစီးဌာန တို့မှ ဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပါဝင် ဆောင်ရွက်ခဲ့ကြပြီး ခရီးသွားပြည်သူများအား နေအိမ်ပြင်ပ ထွက်ခွာပါက ပါးစပ်နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်ရန်၊ လူစုလူဝေးကို တတ်နိုင်သမျှရှောင်ရှားရန်၊ လက်ကို စနစ်တကျဆေးကြောရန် အစရှိသည့် ကိုဗစ်-၁၉ ရောဂါ ဗီဇမျိုးပြောင်း အိုမီခရွမ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး နည်းလမ်းများကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
လတ်တလော ကာလတွင် ကျောက်မဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ပြန်လည် တွေ့ရှိနေရသောကြောင့် ကိုဗစ်၁၉ ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း