ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ထိုင်ဝမ်ပိန္နဲစိုက်ပျိုး တောင်သူများ ပိန္နဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီးသီးနှုန်းကောင်းမွန်ကာ ဆွတ်ခူး ရောင်းချချိန်တစ်ပိဿာ ၁၀၀၀ ကျပ် ရောင်းချရခြင်းကြောင့် ပိန္နဲစိုက်ခင်းဝင် ငွေတွက်ခြေကိုက် နေကြကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ပတ်ဝန်းကျင် ကျေးရွာများဖြစ်သည့် လဲဂွကျေးရွာ၊ လက်ပံအိုင့်ကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ လျော်တော၊ နဂါးလည်၊ ဆည်းမ၊ဆည် ကျေးရွာများ သည် ထိုင်ဝမ်ပိန္နဲစိုက်ပျိုးကြသည့် ကျေးရွာများဖြစ်ကြောင်း၊ ထိုင်ဝမ်ပိန္နဲမျိုးပင်များအား ပြင်ဦးလွင်မြို့သို့ သွားရောက်ဝယ်ယူခဲ့ကြပြီး ပျိုးပင်တစ်ပင် ငါးထောင်ကျပ်မှ ကိုးထောင်ကျပ်ထိ ပေးဝယ်ပြီးစိုက်ပျိုးကြကြောင်း၊ တစ်ပင်နှင့်တစ်ပင်(၁၂)ပေခြားစိုက် ပျိုးရပြီး မစိုက်ပျိုးမည် တစ်ပေခွဲပတ်လည်တူးကာ မြေဆီမြေဆွေးထည့်ပြီး ဆယ်ငါးရက် ခန့်ရေလောင်းနှပ်ထားရ ကြောင်း လဲဂွကျေးရွာ ထိုင်ဝမ်ပိန္နဲစွန့်ဦးစိုက်ပျိုးသူ ဦးသောင်း တင်ကရှင်းပြသည်။ ထိုင်ဝမ်ပိန္နဲပင်များ စတင်စိုက်ပျိုးပြီး တစ်နှစ်ခွဲခန့်အကြာတွင် စတင်အပွင့် ပွင့် အသီး သီး သော်လည်း အသီးများမတင်ပဲ နှစ်နှစ်ခွဲသားအပင်မှသာ အသီးစတင်တင်ကြောင်း သိရသည်။
ထိုင်ဝမ်ပိန္နဲပင်များ အရွယ်ရောက်လာသည့်အခါ ပိန္နဲပင်တစ်လျှင် ပိန္နဲသီး အနည်းဆုံး သုံးလုံးမှ အလုံးလေးဆယ်ထိသီးကြောင်း၊ ပိန္နဲသီးတစ်လုံး လေးပိသာမှ ဆယ်လေးပိဿာထိကြီးကြောင်း၊ ပိန္နဲသီးရောင်းချရာတွင် တစ်လုံးခြင်းမရောင်းချပဲ တစ်လုံးပိဿာချိန် အရှိအတိုင်း ရောင်းချ ကြောင်း သိရသည်။ ပိန္နဲပင်များ သီတင်းကျွတ်၊ တန်ဆောင်မုန်းတွင် အပွင့်ပွင့်ကြပြီး တပို့တွဲ၊ တပေါင်းလတို့တွင် ဆွတ်ခူးရောင်းချကြကြောင်း သိရသည်။ ထိုင်ဝမ်ပိန္နဲသီးများသည် အိမ်မာသီး များဖြစ်ခြင်းကြောင့် စားသုံးသူများ အင်တန်ကြိုက်ကြပြီး ပိန္နဲသီးပေါ်ချိန် စိုက်ခင်းများအထိ ပိန္နဲသီးပွဲစားများ လာရောက်ဝယ်ကြကြောင်း၊ ထွက်ရှိလာသည့် ပိန္နဲသီးများအားလုံး အပြင်မရောင်းချရပဲ ပိန္နဲသီးပွဲစားများ စိုက်ခင်းထိလာပြီး ဝယ်ယူခြင်းကြောင့် ခရီးစရိတ် သက်သာခြင်း၊ မြို့ပေါ်ဖောက်သည်မရှာရခြင်းများကလည်း ထိုင်ဝမ်ပိန္နဲစိုက်ပျိုးတောင်သူများ အတွက် အခွင့်အရေးတစ်ရပ်လည်းဖြစ်ကြောင်း သိရသည်။
ကိုထိန်၊ KPD