လမ်းမတော် ဩဂုတ် ၂၈
လမ်းမတော်မြို့နယ် UMFCCI တွင် သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ တားဆီးကာကွယ်ခြင်း ဥပဒေတွင် ပါရှိသော ပြည်တွင်း ထုတ်လုပ်သူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အား မြန်မာနိုင်ငံအခြေစိုက် ပြင်သစ် ကုန်သည်စက်မှုအသင်း Executive Director ဖြစ်သူ Mr. Guillaume REBIERE မှ ဆွေးနွေးမေးမြန်းလာခြင်းနှင့် စပ်လျဉ်း၍ Video Conferencing ဖြင့် ဆွေးနွေးပွဲအား ယမန်နေ့တွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် အသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူ၊ တွဲဖက် အကျိုးဆောင်စာရင်းစစ် ဒေါက်တာတင်လတ်တို့မှ ပြည်တွင်း ထုတ်လုပ်သူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ဥပဒေတွင်ပါရှိသည့် အခြားသော အချက်အလက်များနှင့် ပတ် သက်၍ ရှင်းလင်းဆွေးနွေး ခဲ့သည်။
သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ တားဆီးကာကွယ်ခြင်း ဥပဒေဆိုသည်မှာ ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၃၅ ဖြင့် ပြဋ္ဌာန်းခဲ့သော သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ အာဏာ တည်စေရမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ၁-၇-၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၈၃/၂၀၂၀ ဖြင့် ထုတ်ပြန်ကြေညာခဲ့သည့် ဥပဒေဖြစ်သည်။
အဆိုပါဥပဒေ၏ ရည်ရွယ်ချက်မှာ(က)ကုန်စည်တစ်မျိုး၏ သွင်းကုန်ပမာဏ မြင့်တက်ခြင်းကြောင့် ပြည်တွင်း ကုန်စည် ထုတ်လုပ်သူ များကို ပြင်းထန်သော ထိခိုက်နစ်နာမှု သို့မဟုတ် ယင်းသို့ ထိခိုက် နစ်နာစေရန် ခြိမ်းခြောက် မှုများ ဖြစ်ပေါ်လာပါက စနစ်တကျ စုံစမ်း စစ်ဆေးနိုင်ရန်၊ (ခ) အချိန်ကာလ တစ်ခုအတွင်း ပြည်တွင်း ကုန်စည် ထုတ်လုပ်သူများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို အထောက် အကူဖြစ်စေရန်၊ (ဂ)ဖြစ်ပေါ်လာသည့် ထိခိုက်နစ်နာမှု သို့မဟုတ် ယင်းသို့ ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်မှုသည် သွင်း ကုန်ပမာဏ မြင့်တက်မှုနှင့် ကျိုးကြောင်းဆက်စပ်မှုရှိပါက ယင်းထိခိုက်နစ်နာမှုကို ကာကွယ်ကုစားနိုင် ရန် ယင်းသွင်းကုန်အပေါ် လုံလောက်သော ကာကွယ်ပေးမှု အစီအမံ ကျင့်သုံးနိုင်စေရန်တို့ဖြစ်သည်။
ဆွေးနွေးပွဲသို့ အသင်းချုပ်မှ တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် ကုန်သွယ်မှုမြှင့် တင်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူ၊ တွဲဖက်အကျိုးဆောင်စာရင်းစစ် ဒေါက်တာတင်လတ်၊ အမှုဆောင် အရာရှိချုပ် ဦးတင့်ဆွေတို့ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
ကျော်ဆန်းမြင့်