ရသေ့တောင် ဖေဖော်ဝါရီ ၂၀
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာ၌ ဒေသခံပြည်သူများမှ ကွမ်းသီးစိုက်ပျိုး ရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။
“ကျနော်တို့က ဒီကွမ်းသီးပင်တွေကို စပြီးစိုက်ပျိုးလာတာ နှစ်ပေါင်းနှစ်ဆယ်ကျော်လောက်တော့ ရှိပြီ ထင်ပါတယ်။ ကွမ်းသီးစျေးနှုန်းကတော့ ယခင်နှစ်တွေက တစ်ပိဿာကို ငွေကျပ်(၅၀၀၀)နဲ့ ရောင်းရတယ်၊ ဒီနှစ်မှာတော့ တစ်ပိဿာကို ငွေကျပ်(၈၀၀၀)နှုန်းနဲ့ ရောင်းရတယ်၊ အယင်နှစ်တွေကထက်စာရင် စျေးပိုရတာပေါ့။ ကျနော်တို့က ဒီကွမ်းသီးတွေကို အရောင်းဒိုင်တွေမှာသွားပြီး မရောင်းပါဘူး ကိုယ့်ကျေးရွာနဲ့ အနီးပတ်ဝန်းကျင်မှာ ရှိတဲ့ ကျေးရွာတွေမှာ လက်လီလက်ကား ရောင်းပါတယ်။ ဒီကွမ်းသီးပင်စိုက်ပျိုးခြင်း လုပ်ငန်းကိုလည်း နောက်ထပ် တိုးချဲ့စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်နေပါတယ်’’လို့ ကွမ်းသီးစိုက်ပျိုး လုပ်ကိုင်သူ ဦးအေးသန်းမောင်က ပြောသည်။
အဆိုပါ ကွမ်းသီးစိုက်ပျိုးခြင်းအား ဒုံးပိုက်ကျေးရွာရှိ ဒေသခံပြည်သူများမှ မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက် ရှိရာ တစ်နှစ်ကို ကွမ်းသီးပိဿာ(၁၀၀)ကနေ (၂၀၀)ထိရောင်းချရပြီး မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။
အောင်စံထွန်း