တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် နှာခေါင်းစည်း ( Mask ) တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှု အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်

 

ရန်ကုန်     ဖေဖော်ဝါရီ     ၁၉

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် (omicron) ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ပြည်သူများအနေဖြင့် နေအိမ်မှ ပြင်ပသို့ ထွက်ခွာသွားလာသည့်အခါတိုင်း နှာခေါင်းစည်း ( Mask )  တပ်ဆင်သည့် အမူအကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီ (စျေးများနှင့်ကုန်စည်ပွဲရုံများဌာန) ၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာမွေမြို့နယ်ရှိ တာမွေ(ယာယီ) စျေးတွင် နှာခေါင်းစည်း ( Mask ) တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှုကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် နှာခေါင်းစည်း ( Mask ) တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှုဆောင်ရွက်ရာ၌ စျေးရောင်းချနေသူများနှင့် စျေးလာရောက် ဝယ်ယူကြသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း ( Mask )များ၊ မျက်နှာကာ (Face shield)များ ၊ ခေါင်းစွပ်များနှင့် လက်အိတ်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး စျေးရောင်း/စျေးဝယ် ပြုလုပ်ကြရာတွင်  နှာခေါင်းစည်း ( Mask )နှင့် မျက်နှာကာ (Face shield)များ တပ်ဆင်ပြီးမှ စျေးရောင်း/စျေးဝယ် ပြုလုပ်ကြရန်၊ နေအိမ်ပြင်ပမှ ပြန်လာသည့် အခါတိုင်းနှင့် အရာဝတ္ထုများ ကိုင်တွယ်ပြီးတိုင်း လက်ကို လက်သန့်ဆေးရည်(သို့)လက်ဆေးဆပ်ပြာနှင့် မကြာခဏ စက္ကန့်(၂၀)ကြာ စနစ်တကျ ဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ စျေးရောင်း/စျေးဝယ်ပြုလုပ်ကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာ စားသောက်ကြရန်လည်း အသိပညာပေး နှိုးဆော်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် များတွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဘက်စုံထောင့်စုံမှ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း မြင့်တက်လာသည့်အပြင် နှာခေါင်းစည်း ( Mask ) မတပ်ဆင်သူများ ပိုမိုများပြားလာသည့်အတွက် ယခုလို မြို့နယ်အတွင်းရှိ စျေးများတွင် နှာခေါင်းစည်း ( Mask ) တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

နိုင်လင်းအောင်(တာမွေ)