စစ်တွေ ဖေဖော်ဝါရီ ၁၉
စစ်တွေမြို့၊ မြို့မဈေးကြီးအတွင်း၌ မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ဈေးကော်မတီဝင်များနှင့် ဈေးသူဈေးသားများ ပူးပေါင်းပြီး ယနေ့ နံနက်ပိုင်းက မြို့မဈေးကြီး ရှေ့၌ မီးဘေးလုံခြုံရေးဇာတ်တိုက်လေ့ကျင့်မှုဆောင်ရွက်ကြသည်။
ရှေးဦးစွာစစ်တွေမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်လင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် ဈေးကော်မတီဝင်များ တာဝန်ရှိသူများသည် မြို့ဈေးကြီးအတွင်း မီးသတ်ဆေးဘူးများ၊ မီးသတ် ကတ်များ၊ မီးသတ်ခွင်းများ တတ်ဆင်ထားရှိမှုများကို လှည့်လည်ကြည့်ရှုပြီး အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန် ရေပိုက်များတတ်ဆင်ထားမှု၊ ရေသိုလှောင်ထားရှိမှု၊ ဈေးအတွင်းမီးသတ်ကားဝင်ရောက်နိုင်မည့် လမ်းကြောင်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ဈေးကြီးရှေ့တွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်လင်းက မီးသုံးစွဲသော ဆိုင်ခန်းများတွင် မီးသုံးစွဲမှု စနစ်တကျရှိစေရေး၊ မီးသတ်ဆေးဘူးများ စနစ်တကျထားရှိရေးနှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မိမိတစ်ဦးတည်း မငြိမ်းသတ်ဘဲ ပတ်ဝန်းကျင်ကို အကူအညီတောင်းကြရန် အသိပညာပေးဟောပြောသည်။ ဆက်လက်၍ မီးလောင်မှု၊ မီးလန့်မှုများဖြစ်ပေါ်လာပါက မီးသတ်ဆေးဘူးအား ကျွမ်းကျင်စွာအသုံးပြုတတ်စေရန် ဈေးကော်မတီများ၊ ဈေးသူ၊ ဈေးသားများအား လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်စေပြီး မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်မှုကို သရုပ်ပြခဲ့ကြကြောင်း သိ ရသည်။
စစ်တွေမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်လင်းက “ပွင့်လင်းရာသီနဲ့ နွေရာသီတွေမှာ အဓိကစိုးရိန်ရတဲ့ ဈေးတွေ၊ စက်သုံးဆီအရောင်းဆိုင်တွေကို မီးဘေးသတိပေးတာ၊ စစ်ဆေးတာ၊ သရုပ်ပြသတာတွေ ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့ဝင်တွေက လုပ်ဆောင်လျက်ရှိပါတယ်၊ စစ်တွေမြို့၊ မြို့မဈေးကြီးမှာဆိုရင် ပြည်သူတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အများဆုံးရှိတဲ့နေရာ ဖြစ်တဲ့အတွက် ဒီဈေးရဲ့ မီးဘေးအန္တရာယ်ကင်းဝေးစေဖို့ မီးဘေး ကြိုတင် ကာကွယ်ရေး သရုပ်ပြသရတာဖြစ်ပါတယ်၊ နောက်ပြီးတော့ ဒီဈေးထဲမှာရှိတဲ့ ဈေးသူ၊ ဈေးသားတွေ မီးသတ်ဆေးဘူး တွေ အသုံးပြုတတ်စေဖို့နဲ့ မီးသတ်ဆေးဘူး မရှိရင်လည်း ရတဲ့လက်နက်တွေနဲ့ မီးငြှိမ်းသတ်စေဖို့နဲ့ အဓိက ဒီဈေးကြီး မီးဘေးအန္တရာယ် ကင်းဝေးစေဖို့ လာရောက်သရုပ်ပြသရခြင်းဖြစ်ပါတယ်”ဟုပြော ကြားသည်။
ထို့အပြင် မီးသတ်တပ်ဖွဲ့ဝင်များသည် တာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့၊ မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ် ကြုံတွေ့လာပါက မီးသတ်ကားများဝင်ထွက်သွားလာနိုင်ရန်အတွက် ဈေးအတွင်း မီးသတ်ကားများဖြင့် အဝင်အထွက် လေ့ကျင့်ခဲ့ကြကြောင်းသိရသည်။
တင်ထွန်း(ပြန်ဆက်)