ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ခရီးသည်တင်ယာဉ်လိုင်းများတွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (Omicron) ကူးစက်မှု မရှိစေရေးအတွက် နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်ဝေပေး

ရန်ကုန် ဖေဖော်ဝါရီ ၁၉

ယခုအခါ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ကိုဗစ်-၁၉ရောဂါသည် မျိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန် မျိုးကွဲတစ်ခုအနေဖြင့် ပြန်လည်ကူး စက်ပျံ့နှံ့မှုများ ဖြစ်ပေါ်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ခရီးသည် တင်ယာဉ်လိုင်းများတွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (Omicron) ကူးစက်မှု မရှိစေရေး အတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)၏ စီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်း အချိန်က ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ အသွားအလာများသည့် ဘတ်စ်ကားမှတ်တိုင်များဖြစ်သည့် ဆူးလေ ဘုရားလမ်း၊ ပန်းဆိုးတန်းလမ်းနှင့် လှည်းတန်းလမ်းဆုံတို့တွင် မြို့တွင်းခရီးသွားပြည်သူများနှင့် လမ်းသွား လမ်းလာများအား ပါးစပ်/နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (Omicron)နှင့် ပတ်သက်၍ ခရီးသွားပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အသိပညာ ပေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

“ ကမ္ဘာ့ကပ်ရောဂါလို့ခေါ်တဲ့ ကိုဗစ်-၁၉ စတုတ္ထလှိုင်း စပြီး ပြန်လည်ဖြစ်ပွားသည်နှင့် YBS ခရီးသည်တင် ယာဉ်လိုင်း ကုမ္ပဏီတွေကို ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က YBS ခရီးသည်တင် ယာဉ်လိုင်းတွေမှာ ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်ပြီး လိုက်နာဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန် ထားပြီး ဖြစ်ပါတယ်။ အဲဒီညွှန်ကြားချက်မှာ အဓိကက YBS ခရီးသည်တင်ယာဉ်မောင်းတွေအနေနဲ့ မဖြစ်မနေ ခရီးစဉ်တစ်လျှောက်လုံး ပါးစပ်/နှာခေါင်းစည်း(Mask) တပ်ဆင်ပြီးမှ မောင်းနှင်ရန်၊ လိုက်ပါစီးနှင်းသည့် ခရီးသည်များ အနေနဲ့လည်း ခရီးစဉ်တစ်လျှောက်လုံး ပါးစပ်/နှာခေါင်းစည်း(Mask) တပ်ဆင်ပြီးမှ စီးနှင်းကြရန်၊ ကားအတက်/ အဆင်းတွေမှာ လက်သန့်ဆေးရည် အသုံးပြုပြီး စက္ကန့် (၂၀)ကြာ စနစ်တကျ ဆေးကြောကြရန်၊ YBS ခရီးသည်တင် ယာဉ်တွေမှာ လေဝင်/လေထွက်ကောင်းစေဖို့အတွက် ပြတင်းပေါက်တံခါးတွေကို ဖွင့်ထားကြရန်၊ ခရီးစဉ်တစ်ခု ပြီးဆုံး သွားတိုင်း ယာဉ်တွေကို ပိုးသတ်ဆေးဖျန်းရန်၊ ရုံးတက်/ရုံးဆင်းချိန်တွေမှာ ခရီးသည်တွေ များနေတဲ့အချိန်မှာလည်း ဒီမှတ်တိုင်တွေမှာ လူစုလူဝေးမဖြစ်အောင် YBS ခရီးသည်တင်ယာဉ်တွေကို အစီးရေများများ ပြေးဆွဲပေးဖို့ YBS ခရီးသည်တင်ယာဉ်လိုင်းကုမ္ပဏီတွေကို မှာကြားထားပြီးဖြစ်ပါတယ်။ ဒီနေ့မှာတော့ YBS ခရီးသည်တင်ယာဉ်တွေ အနေနဲ့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်တွေကို လိုက်နာခြင်း ရှိ/မရှိ  စစ်ဆေးခြင်းနှင့် လိုက်ပါစီးနှင်းသည့် ခရီးသွားပြည်သူတွေကို ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (Omicron) ကူးစက်မှု မရှိစေရေးအတွက်  (Mask)တွေကို အခမဲ့ ဖြန့်ဝေပေးဖြစ်တာပါ ” ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)အနေဖြင့် YBS ခရီးသည် တင်ယာဉ်များတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ပါးစပ်/နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေပေးခြင်းကို မေလမှစ၍ ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ အသွားအလာများသည့် ဘတ်စ်ကားမှတ်တိုင် များတွင် ဆောင်ရွက်လျက်ရှိရာ ယခုဆိုလျှင် အကြိမ်(၂၀) ပြုလုပ်နိုင်ခဲ့ပြီးပါကြောင်း၊ ဒါ့အပြင်နောက်ထပ် ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ အသွားအလာများသည့် ဘတ်စ်ကားမှတ်တိုင် များတွင်လည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (Omicron)နှင့် ပတ်သက်၍ လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန် အချက်တွေကို ခရီးသွားပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် YBS ခရီးသည်တင် ယာဉ်တွေမှာ အသိပညာပေး စတေကာများ ကပ်ထားကြေညာထားကြောင်း သိရသည်။

“ ဒီကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း မြင့်တက်မှုမရှိဘဲ ရပ်တန့်ပြီး လျော့ကျသွားအောင် ခရီးသွားပြည်သူတွေ အနေနဲ့ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား မဖြစ်မနေ လိုက်နာပေးကြဖို့ ကျွန်တော်အနေနဲ့ တိုက်တွန်းပြောကြားချင်ပါတယ် ” ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ဆက်လက်ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများအနေဖြင့် မြို့တွင်းခရီးသွားလာရာတွင် အဆင်ပြေချောမွေ့စွာ သွားလာ နိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC) အနေဖြင့် YBS ခရီးသည်တင်ယာဉ်လိုင်း(၁၁၈)လိုင်းမှ ယာဉ်အစီးရေ (၂၉၀၀)နီးပါးဖြင့် နေ့စဉ် မြို့တွင်းခရီးသွားပြည်သူ (၆)သိန်း နီးပါးခန့်ကို ပြေးဆွဲပို့ဆောင်ပေးလျက်ရှိပြီး ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ခရီးသည်တင်ယာဉ်လိုင်းများတွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (Omicron) ကူးစက်မှု မရှိစေရေး အတွက် ပါးစပ်/နှာခေါင်းစည်း(Mask) အခုရေ တစ်သောင်းအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(တာမွေ)