တာလေမြို့ မိုင်းလင်းအနောက်၊ ဝမ်ပိုင်းကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

တာလေ ဖေဖော်ဝါရီ ၁၉

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ မိုင်းလင်း (အနောက်) ကျေးရွာအုပ်စု၊ ဝမ်ပိုင်းကျေးရွာအတွင်း စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကွန်ကရစ်လမ်းခင်း  ခြင်းလုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ယမန်နေ့က စည်ပင်သာယာရေး ဌာနမှ မြို့ဦးစီးမှူး ဦးမနားရွှီးထံမှ သိရသည်။

တာလေမြို့၊ မိုင်းလင်း(အနောက်) ကျေးရွာအုပ်စု၊ ဝမ်ပိုင်းကျေးရွာအတွင်းရှိ မြေသားလမ်းအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (ခြောက်လ)ဘတ်ဂျက်အတွင်း စည်ပင်သာယာရေး ဦးစီးဌာန၏ ခွင့်ပြု ရန်ပုံငွေကျပ် ၄၂ ဒဿမ ၃၀ သိန်းဖြင့် အရှည်၁၄၅ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ် လမ်းကို တာလေမြို့ စည်ပင်သာယာရေးဦးစီးဌာနမှ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က လမ်းခင်းခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ ယခုတွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဝမ်ပိုင်းကျေးရွာအတွင်းလမ်း အဆင့်မြင့်တင်ခြင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း အရည်အသွေး ပြည့်မီစွာ လမ်း၏ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးထားမှု အခြေအနေများကို မြို့အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းနှင့် စည်ပင်သာယာရေးဌာန မြို့ဦးစီးမှူး ဦးမနားရွှီးတို့က ကွင်းဆင်းစစ်ဆေးကြရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းရီတစ်နှင့် တာဝန်ခံ အင်ဂျင်နီယာ ဒေါ်ယွန်းမီမီက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

အောင်ကျော်မိုး (ပြန်/ဆက်)