နောင်ချို ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက်(၁၈)နှစ်ပြည့်ပြီး သူများအား ပထမအကြိမ်ကာကွယ်ဆေးကို ယမန်နေ့နံနက် (၀၉:၀၀)နာရီအချိန်မှစ၍ နောင်ချိုမြို့နယ်ခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် ပတ်သက်၍ ဆေးလာရောက်ထိုးနှံသူများ၏ ရင်တွင်းစကားသံများကိုလည်း ခုလိုကြားသိခဲ့ရပါသည်။ မလှရင် ကျွန်မကတော့ နောင်လင်ကျေးရွာက မလှရင် ဖြစ်ပါတယ်။ ဆေးလာရောက်ထိုးနှံရခြင်းက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှာစိုးလို့ပါ။ ကူးစက်ခံရတဲ့အခါမှာလည်း ကုသဖို့ခက်ခဲမှာစိုးတဲ့အတွက် လာရောက်ထိုးနှံရ ခြင်းဖြစ်ပါတယ်။
ကျွန်တော်ကတော့ ဘိလပ်မြေစက်ရုံက ဦးဝင်းစိုး ဖြစ်ပါတယ်။ ကာကွယ်ဆေးမထိုးထားလို့ ကိုဗစ်-၁၉ ရောဂါ ဖြစ်လာမှာစိုးပါတယ်။ အခြားရောဂါတွေ ဖြစ်လာမှာ လည်းစိုးပါတယ် မိမိမှတစ်ဆင့် အခြားသူများကို လည်းကူးစက်ခံရမှာလဲ စိုးရိမ်မိပါတယ်။ မဖြစ်ခင်က ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးမို့ ကာကွယ် ဆေးလာရောက်ထိုးနှံရခြင်း ဖြစ်ပါတယ်။
နောင်ချိုမြို့နယ်အနေဖြင့် ပထမအကြိမ်ကိုဗစ်ကာကွယ် ဆေးထိုးနှံရန်ကျန်ရှိသူများအား ထိုးနှံပေးနိုင်ရန် လူဦးရေ ၂၂၀၀၀ ဦး ရည်မှန်းထားကြောင်း၊ အပတ်စဉ်ကြာသပတေးနေ့နှင့် သောကြာနေ့များတွင် ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
ထွေးငယ်