စမ်းချောင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ

စမ်းချောင်း  ဖေဖော်ဝါရီ  ၁၉

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း/တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက( ) ကျောင်းဝင်းအတွင်းတွင် ယမန်နေ့နံနက် (၀၉:၀၀) နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး covishield phase 6 ဒုတိယအကြိမ်  ကာကွယ်ဆေးထိုးနှံသူ (၁၅၄)ဦးနှင့်covishield phase 7 (ပထမ) အကြိမ်(၁၇၆)ဦး စုစုပေါင်း (၃၃၀)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ကြောင်း သိရှိရပါသည်။

ကာကွယ်ဆေးထိုးနှံရာနေရာတွင်မလိုလားအပ်သောပြဿနာတစ်စုံတစ်ရာမရှိစေရေးအတွက် စမ်းချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘဝင်းနှင့် တာဝန်ရှိသူများက  ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမိမိခိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ မိဘပြည်သူများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

နီလာစိုး (ပြန်/ဆက်)