မြောက်ဥက္ကလာပ ဖေဖော်ဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ယနေ့ မြန်မာနိုင်ငံတစ်ဝှမ်းလုံး ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ရောဂါသည် မျိုးဗီဇ ပြောင်း ရောဂါပိုး အိုမီခရွန် မျိုးကွဲတစ်ခုအနေဖြင့် ပြန်လည်ကူးစက်မှုများ ဖြစ်ပေါ်လျက်ရှိရာ အဆိုပါ ကူးစက်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ဆောင်ရွက်နေမှု အစီအစဉ်များနှင့်ပတ်သက်၍ တွေဆုံပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်း အဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်က မြို့နယ် အနေဖြင့် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများအား ကုသပေးနိုင်ရန်အတွက် ကုသရေး စင်တာဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှု အခြေအနေများ၊ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ လူနာများအနေဖြင့် လာရောက်ကုသမှုခံယူရာတွင် နေရာထိုင်ခင်း အဆင်ပြေစေရေး၊ လေကောင်းလေသန့် ရရှိစေရေး၊ ရေ၊ မီး၊ မိလ္လာ စနစ်များ အထူးကောင်းမွန်စေရေးဆွေးနွေးရာ မြို့နယ်ကျန်းမာရေးမှူးမှ ယခုလက်ရှိ မယ်လမုသုံးထပ်ဓမ္မာရုံနှင့် ဝဘောဂီစကျမှု ကျောင်းတို့တွင် ကိုဗစ်-၁၉ရောဂါ သံသယရှိသူများအားထားရှိပြီး ရောဂါတွေ့ရှိသူများကို ကုသရေး စင်တာများသို့ ပို့ဆောင်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ ကြောင်းသိရသည်။
ဆက်လက်၍ မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကပ်ကျော်က မြို့နယ်တွင် ရပ်ကွက်(၁၉)ရပ်ကွက်ရှိရာ ရပ်ကွက် အလိုက် Quarantine centre များ ဖွင့်လှစ်နိုင်ရေးအတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးကို လူဦးရေ (၂)သိန်းကျော်အထိ ထိုးနှံပေးပြီး ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်က လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများ၊ မြို့နယ် ကြက်ခြေနီအသင်း တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြမြဝင်း