ကျိုက်မရော သြဂုတ် ၂၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းဆောင်မှာ ယနေ့ နံနက် ၇နာရီ အချိန်ကမီးလောင်မှု ဖြစ်ပွားကြောင်းသိရသည်။
ဖြစ်စဉ်မှာ အထက်တန်းဆောင်ရှိ မိန်းခုံအား မိုးကြိုးထိမှန်ခဲ့သဖြင့် မိန်းခုံမှတစ်ဆင့် မျက်နှာကျက်သို့ကူးစက် လောင်ကျွမ်းခဲ့ပြီး ပင်မကျောင်းဆောင် အုတ်ညှပ်နှစ်ထပ်ဆောင် မီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။ အဆိုပါ မီးလောင်ကျွမ်းရာနေရာသို့ ကျိုက်မရောမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် (၂)စီး၊ ကျွန်းရွာအရန်မီးသတ်မှ မီးသတ်ယာဉ်(၂)စီး၊ ကြာအင်းဆိပ်ကြီး မြို့နယ် သံပရာနယ်မြေမီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်(၁)စီး စုစုပေါင်း မီးသတ်ယာဉ်(၅)စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၈နာရီအချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။
အဆိုပါမီးလောင်မှုကြောင့် ၂၂၀×၃၀ပေ သွပ်မိုး၊ အုတ်ညှပ်နှစ်ထပ် ပင်မအဆောက်အဦ မီးလောင်ကျွမ်းခဲ့ပြီး ဆုံရှုံးမှုတန်ဖိုးမှာ ကျပ်(၂၁၅)သိန်းဆုံးရှုံးခဲ့ပြီး မီးလောင်မှုကြောင့်လူနှင့် တိရစ္ဆာန်များထိခိုက်မှုမရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းတင်ထံ မှသိရသည်။
ချို ချို(ပြန်/ဆက်)