တောင်ကြီးမြို့တွင် အခြေခံပညာဦးစီးဌာနနှင့် CFPA တို့ပူးပေါင်းကျင်းပသည့် ရောင်စုံအနာဂတ်ပန်းချီပြိုင်ပွဲဆုချီးမြင့်ပွဲကျင်းပ

တောင်ကြီး  ဖေဖော်ဝါရီ  ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ အခြေခံပညာဦးစီးဌာနနှင့် တရုတ်နိုင်ငံဆင်းရဲ နွမ်းပါးမှု လျှော့ချရေးဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံရုံး CFPA တို့ ပူးပေါင်းစီစဉ်ကျင်းပသည့်  ရောင်စုံအနာဂတ် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ စိန်မြင်းမိုရ်ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးမြင့်လွင်က အမှာစကားပြောကြားရာတွင် ယနေ့ခေတ်သွားနေသည့် ပညာရေးစနစ်သည် ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ရသသက်မွေး ဘက်စုံ ပညာရေးဖြစ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် စာပေဘာသာရပ်တစ်ခုတည်း ထူးချွန်၍မရ ကြောင်း၊ ဘက်စုံ ထူးချွန်ရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ပြိုင်ပွဲများကျင်းပ ပေးရခြင်းဖြစ် ကြောင်း၊ ကျောင်းသား/ သူများအားလုံး ဘက်စုံထူးချွန်အောင် ကြိုးစား ကြစေလိုကြောင်း စသည် ဖြင့်ပြောကြားခဲ့သည်။ ဆက်လက်၍ တရုတ်နိုင်ငံဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖောင်ဒေးရှင်း၊ Country Director Ms.Lin Yuan က နှုတ်ခွန်းဆက်စကားပြောကြားပြီး၊ တောင်ကြီးမြို့နယ် ပညာရေးမှူး ဒေါက်တာသင်သင်းခိုင်က ပြိုင်ပွဲကျင်းပပေးခြင်းနှင့် ပတ်သက်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် ရောင်စုံအနာဂတ်ပန်းချီပြိုင်ပွဲတွင်  ဆုရရှိသူများအား ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးမြင့်လွင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြောင်းသိရသည်။

ရောင်စုံ အနာဂတ်ပန်းချီပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးမြင့်လွင်၊ ခရိုင်ပညာရေးမှ တာဝန်ရှိသူများ၊ မြို့နယ် ပညာရေးမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ၊ ပန်းချီပြီုင်ပွဲ တွင် ပါဝင်ယှဉ် ပြိုင်သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)