မိုးကြိုချည်မျှင်ရှည်ဝါ ဧက ၁၀၀ ကျော် စိုက်ပျိုးမည့်တောင်သူများအား သိပ္ပံနည်းကျ စိုက်နည်းစနစ်များဖြင့် သတ်မှတ်အရည်အသွေး ပြည့်မီသည့် မျိုးကောင်းမျိုးသန့်ဝါမျိုးများ စိုက်ပျိုးထုတ်လုပ်နိုင်စေရေး တောင်သူနည်းပညာပေးသင်တန်းဖွင့်လှစ်

မိတ္ထီလာ  ဖေဖော်ဝါရီ  ၁၉

မိတ္ထီလာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးကြိုချည်မျှင်ရှည်ဝါ ဧက ၁၀၀ကျော် စိုက်ပျိုးမည့် ဒေသခံ တောင်သူများအား သိပ္ပံနည်းကျ စိုက်နည်းစနစ်များဖြင့် သတ်မှတ်အရည်အသွေးပြည့်မီသည့် မျိုးကောင်းမျိုးသန့်ဝါမျိုးများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး တောင်သူနည်းပညာပေးသင်တန်းကို ယမန်နေ့မွန်းလွဲ နာရီအချိန် က လှည်းပွဲကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း  သိရသည်။

သင်တန်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်း က တစ်ကွင်း တစ်ဆက်တည်း မိုးကြိုချည်မျှင်ရှည်ဝါ ဧက ၁၀၀ကျော် စိုက်ပျိုးမည့်  ဒေသခံတောင်သူများအနေဖြင့် ဝါသီးနှံ အထွက်နှုန်းတိုးတက်စေရန် သိပ္ပံနည်းကျ စိုက်နည်းစနစ်များဖြင့် သတ်မှတ်အရည်အသွေး ပြည့်မီသည့် မျိုးကောင်းမျိုးသန့်ဝါမျိုးများ စိုက်ပျိုးထုတ်လုပ်နိုင်စေရေးအတွက် ဝါသီးနှံစိုက်ပျိုး ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သော ထယ်ရေးကောင်းရရှိစေရေး မြေပြုပြင်နည်းများ၊ မျိုးကောင်းမျိုးသန့် ရွေးချယ်ပြီး မျိုးစေ့အား စနစ်တကျ စုပ်ပိုးကာကွယ်ဆေး လူးနယ်၍ သတ်မှတ်ပင်ခြားတန်းခြား အကွာအဝေးမှန်ကန်အောင် စိုက်ပျိုးရေး၊  တစ်ဧက အပင်အရေအတွက် ပြည့်မီစေရေး ကျင်းလပ်များ ဖာထေးရန်၊ အပင်ကြီးထွားမှုအဆင့်တိုင်းတွင် လုပ်ဆောင်ရမည့် လုပ်ငန်းဖြစ်သော သတ်မှတ်ရက်အတွင်း အပင်သားခွဲခြင်းလုပ်ငန်းများ၊ သဘာဝ မြေသြဇာနှင့် ဓာတ်မြေသြဇာစနစ်တကျ စနစ်တကျသုံးစွဲနည်းများ၊ ရေသွင်းစိုက်ပျိုးခြင်းဖြစ်၍ ရေသွင်း ရေထုတ်ကောင်းမွန်စေရေး စိမ့်မြောင်းပတ်မြောင်းများ ဆောင်ရွက်ရန်၊ ဝါသီးနှံတွင် ကျရောက်တက်သော ပိုးမွှာများ၊ ဖြစ်ပွားတက်သော ရောဂါလက္ခဏာများနှင့် ကာကွယ်နှိမ်နှင်း နည်းများ၊ ဝါသီးနှံကို စနစ်တကျ ကောက်သိမ်းရန်စသည့် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးပို့ချခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်နွေးနွေးလှိုင်က မိုးကြို ချည်မျှင်ရှည်ဝါ စိုက်ပျိုးမည့်တောင်သူများအနေဖြင့် ဝါစိုက်ပျိုးရာတွင် စိုက်ပျိုးစရိတ်များ အခက်အခဲမရှိစေရန် ဦးစီးဌာနမှ ဝါစိုက်ပျိုးခြင်းကို အမှန်တကယ်စိတ်ဝင်စားပြီး လုပ်ချင်ကိုင်ချင် စိတ်ရှိသူ တောင်သူများအား လိုအပ်သည့် ငွေကြေးအရင်းအနှီး၊ သွင်းအားစုများ ပံ့ပိုးပေးနိုင်ရေး ဝါစိုက်တောင်သူသမဝါယမအသင်း ဖွဲ့စည်းနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ရာ ဒေသခံဝါစိုက်တောင်သူများက သိလိုသည်များကို မေးမြန်းရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် မြို့နယ်သမဝါယမဦးစီးမှူးတို့က ပြန်လည် ရှင်းလင်းပြောကြား ခဲ့သည်။

မိတ္ထီလာမြို့နယ်တွင် မိုးကြိုချည်မျှင်ရှည်ဝါကို လှည်းပွဲ၊ မကျီးစု၊ ကဖြူ၊ ကံကြီး၊ ညောင်မြင့်၊ ကွက်ငယ်၊ ခင်တဲကျေးရွာအုပ်စုများရှိ ကွင်း ၁၂ ကွင်းတွင် မိုးကြိုချည်မျှင်ရှည်ဝါစိုက်ဧက ၆၂၀ စိုက်ပျိုးနိုင်ရေး လျားထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)