မင်္ဂလာဒုံ ဩဂုတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များက ဦးဆောင်၍ သင်္ဃန်းကျွန်းကြီး ကျေးရွာ အုပ်စု အတွင်းရှိ မင်္ဂလာဈေး၊ အမှတ်(၃)လမ်း၊ အောင်စည်း ခုံလမ်းနှင့် ကာယ(၁၂)လမ်းတို့ တွင် Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းနှင့် ဝန်ထမ်းများ၊ စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဝေနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးသန်းဦး၊ မြို့နယ် ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက မြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အမိန့်ကြေညာစာများ သိရှိလိုက်နာရေး၊ ထုတ်ပြန်ထားသည့် တားမြစ်မိန့်များ လိုက်နာရေး နှင့် နှာခေါင်းစည်းတပ်ဆင်သွားလာရေးတို့ အတွက် အသံချဲ့စက်များဖြင့် လှည့်လည်ကြေညာခြင်း၊ Hand Speaker များဖြင့် ကြေညာ ခြင်းတို့အပြင် ကိုဗစ်-၁၉ ရောဂါ အသိ ပညာပေးဟောပြောခြင်း၊ နှာခေါင်းစည်းမပါသည့် ပြည်သူများအား နှာခေါင်းစည်းအခု ရေ(၂၅၀၀)ကို အခမဲ့တပ်ဆင်ပေးခဲ့ကြောင်း သိရှိရသည်။
မြတ်သူဇာ(ပြန်/ဆက်)