သထုံ ဖေဖော်ဝါရီ ၁၉
မွန်ပြည်နယ်၊ သထုံမြို့နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၏ ကော်မတီဝင်အသစ်များ ရွေးချယ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ယာဉ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီရွေးချယ်ပွဲ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချို က အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအသစ်အား မွန်ပြည်နယ်အတွင်း ပုဂ္ဂလိကယာဉ်များ စနစ်တစ်ကျပြေးဆွဲရေး ဥပဒေ၊ နည်းဥပဒေနှင့်အညီ မဲစနစ်ဖြင့် ရွေးချယ်ရာ အဆိုပြုသူ (၆) ဦးရှိသည့်အနက် (၅) ဦးအား ရွေးချယ်ခဲ့ကြသည်။ ဆက်လက်၍ အဆိုပါ ရွေးချယ်ခံခဲ့ရသူ ကော်မတီဝင်(၅)ဦးတို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်နေရာတို့အား လျှို့ဝှက်မဲစနစ်ဖြင့် ပြန်လည်ရွေးချယ်ခဲ့ကြသည်။
ရွေးချယ်ပွဲ အခမ်းအနားသို့ သထုံခရိုင် ယာဉ်အမျိုးအစားအလိုက် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ ရွေးချယ်ပွဲကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်လုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ ကော်မတီဝင် အသစ်သို့ အမည်စာရင်း အဆိုပြုတင်သွင်းထားသူများ၊ အဖွဲ့ဝင်ယာဉ်ပိုင်ရှင်၊ ယာဉ်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုဦး