ပုံပါကျင်မြို့၊ မိုင်းဟန်ကျေးရွာအုပ်စု၊ နားကောင်းမူးကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆက်လက်ကွင်းဆင်းဆောင်ရွက်

 ပုံပါကျင်   ဖေဖော်ဝါရီ  ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် နိုင်ငံသားတစ်ဦး၏တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝအထောက်အကူဖြစ်စေနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများထံသို့အရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ပုံပါကျင်မြို့၊ မိုင်းဟန်ကျေးရွာအုပ်စု၊ နားကောင်းမူးကျေးရွာသို့ ဆက်လက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်း ဆောင်ရွက်ပေးရာတွင် ပုံပါကျင်မြို့ ရှေ့တန်းရုံးတာဝန်ခံ လဝကမှူး ဦးမြင့်မိုးနှင့် ဝန်ထမ်းများ က မိုင်းဟန်ကျေးရွာအုပ်စု၊ နားကောင်းမူးကျေးရွာအတွင်းရှိ  နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်လျှောက်ထားသည့် ကျေးရွာနေပြည်သူများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေး ကတ်ပြားအသစ်ပြုလုပ်ပေးခြင်း၊ ပျက်စီး/ပျောက်ဆုံးသူများကို မိတ္တူပြုလုပ်ပေးခြင်းနှင့် လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်း၌ မွေးတိုး/သေဆုံးစာရင်း ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း တိုး/လျော့/ပြောင်းဝင်/ပြောင်းထွက် လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိနေသည့် ရပ်ကွက်၊ ကျေးရွာသို့လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန္တာ