သထုံ ဖေဖော်ဝါရီ ၁၈
မွန်ပြည်နယ်၊ သထုံမြို့ရှိ မြို့မဈေးတွင် ယနေ့နံနက် (၁၁:၁၅) အချိန်ခန့်က အကြမ်းဖက်သမားများ၏ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ဈေးခေါင်းရုံးအပါအဝင် ဈေးဆိုင်ခန်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး ဈေးရောင်း/ဈေးဝယ်လာသူ အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဗုံးပေါက်ကွဲမှုဖြစ်ဉ်နှင့်ပတ်သတ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ TNT ယမ်းပြင်းဖြင့် ပြုလုပ်ထားသည်ဟု ယူဆရသော လက်လုပ်ချိန်ကိုက်မိုင်းဟု ယူဆရသည့် ဗုံးပေါက်ကွဲမှုဖြစ်ကြောင်း ပေါက်ကွဲမှုကြောင့် မြို့မဈေး အတွင်း ရောက်ရှိနေသော ကိုချစ်လင်း (၂၅)နှစ်၊ ဈေးရောင်း၊ ကန့်ကြီးနောက်လမ်း၊ အောက်ကျင်း ရပ်ကွက်၊ သထုံမြို့နေသူတွင် ဦးခေါင်းထိပ်/ခြေသလုံး မိုင်းစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)၊ မရွှေရည်ဝင်း (၁၆)နှစ်၊ မင်းလမ်း၊ သုဓမ္မဝတီမြို့သစ်နေသူတွင် ယာဒူးခေါင်း/ယာခြေဖမိုး မိုင်းစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)၊ ဦးသိန်းကို(၃၅)နှစ်၊ ဘေးတွဲမောင်း၊ ဆရာမဲကုန်းလမ်း၊ နန်းခဲရပ်ကွက် သထုံမြို့နေသူတွင် ယာလက်မောင်း/ယာခြေသလုံး မိုင်းစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)၊ ဒေါ်မြင့်စိန်(၅၄)နှစ်၊ ဈေးရောင်း၊ ဘူတာလမ်း၊ အောက်ကျင်း ရပ်ကွက်၊ သထုံမြို့နေသူတွင် ဝဲဘက်ဦးခေါင်း/ယာလက်ခုံ/ယာခြေခုံ မိုင်းစထိမှန်ဒဏ်ရာ (စိုးရိမ်ရ)၊ ဦးထွန်းမောင် (၆၈)နှစ်၊ ဈေးရောင်း၊ လေသာလမ်း၊ အောက်ကျင်းရပ်ကွက် သထုံမြို့နေသူတွင် ယာလက်ဖျံ ပေါက်ပြဲဒဏ်ရာ၊ ယာလက်မောင်း မိုင်းစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)၊ ဦးညွန့်စိုး (၅၀)နှစ်၊ (ဘ)ဦးတင်ထွေး၊ ပန်းခြံလမ်း၊ နန်းခဲရပ်ကွက် သထုံမြို့နေသူတွင် နားသွေးထွက်ဒဏ်ရာ (မစိုးရိမ်ရ)၊ မအိဖြူစိုး (၃၂)နှစ်၊ ဈေးရောင်း၊ မင်းလမ်း၊ သုဓမ္မဝတီမြို့သစ် နေသူတွင် အပေါ်နှုတ်ခမ်း/ယာလက်မောင်း မိုင်းစထိမှန်ဒဏ်ရာ ဖူးယောင်ဒဏ်ရာ (မစိုးရိမ်ရ)၊ မသင်းစုစံ (၁၇)နှစ်၊ ဈေးရောင်း၊ နေမိန္ဒရဘုရားလမ်း၊ လိပ်အင်းရပ်ကွက် သထုံမြို့နေသူတွင် ခါးမိုင်းစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)၊ မသဇင်နွယ်(၃၂)နှစ်၊ ဈေးရောင်း၊ ပြည်တော်သာလမ်း၊ နန်းခဲရပ်ကွက် သထုံမြို့နေသူတွင် ဦးခေါင်းနောက်စေ့ မိုင်းစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)၊ ဈေးရောင်းချသူ၊ ဈေးဝယ်သူ ကျား(၅)၊ မ(၄)၊ စုစုပေါင်း (၉)ဦးမှာ ဒဏ်ရာအသီးသီး ရရှိခဲ့သဖြင့် သထုံခရိုင်ဆေးရုံကြီးသို့ ရဲဆေးစာဖြင့် တင်ပို့ကုသခဲ့ကြောင်း ၎င်းအပြင် ဗုံးပေါက်ကွဲမှုကြောင့် အလျား ၂၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၂၀ ပေခန့်ရှိ အုတ်ကာ (၂)ထပ် အဆောက်အဦ (ဈေးခေါင်းရုံး) အကာ/ အခင်း/ အမိုးများ ပွင့်ထွက်ထိခိုက်ပျက်ဆီးခြင်း၊ ဈေးကြီး အတွင်း ဈေးရောင်းချလျက်ရှိသော ဈေးဆိုင်ခန်းများ (အရေအတွက်စိစစ်ဆဲ) ပျက်ဆီးခဲ့ရာ ပျက်ဆီးဆုံးရှုံးမှုနှင့် ဆုံးရှုံးမှုတန်ဖိုးတို့အား စိစစ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ဗုံးခွဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် မွန်-သထုံအထူး ကာကွယ်ရေးတပ်ဖွဲ့ (MTHSF)က ၎င်းတို့အဖွဲ့မှ သတိပေးသည့်အနေဖြင့် ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း လူမှုကွန်ယက်စာမျက်နှာပေါ်၌ ထုတ်ပြန်ထားပြီး ယင်းနှင့်ပတ်သက်၍ လူစည်ကားသည့် နေရာမှာတော့ မလုပ်သင့်ကြောင်း၊ တော်လှန်မယ်ဆိုလဲ အများပြည်သူမထိခိုက်တဲ့ ပုံစံမျိုးနဲ့တော်လှန်စေချင်ကြောင်း၊ ထိခိုက်တဲ့ပြည်သူတွေအတွက် တာဝန်ယူမှူတာဝန်ခံမှု ဘာလဲ ဘယ်လဲဆိုတာ သိချင်ပါကြောင်း၊ အေးချမ်းစွာရောင်းဝယ်နေသည့် ပြည်သူများ ထိခိုက်အောင်လုပ်ခြင်းသည် ယုတ်မာသည့် လုပ်ရပ်ပင်ဖြစ်ကြောင်း စသည်ဖြင့် အကြမ်းဖက်မှုကို ရွံ့ရှာသည့် ပြည်သူများတို့၏ မှတ်ချက်ပြု ဝေဖန်မှုများ မြင့်တက်ခဲ့သည်။
အဆိုပါ ဗုံးပေါက်ကွဲမှုမှာ သထုံမြို့မဈေးအတွင်း ဈေးသည်/ဈေးဝယ်များ စည်ကားနေချိန် ဗုံးခွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များတို့က ထိခိုက်ပျက်စီးမှုများအား ရှင်းလင်းခြင်း၊ ဒဏ်ရာရရှိသူများအား ရှာဖွေကယ်ဆယ်ခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)