ဟိုပန်မြို့၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လှုံ့ဆော်ခြင်းနှင့် နှာခေါင်းစည်း (Mask) ဖြန့်ဝေ

ဟိုပန်            ဩဂုတ်         ၂၈

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် COVID-19 ရောဂါကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေး လှုံ့ဆော်ခြင်းနှင့် နှာခေါင်းစည်း (Mask)ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၆ နာရီအချိန်က မြို့မဈေးတွင် ပြုလုပ်ခဲ့သည်။

ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသူကျော်တို့ ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ ဈေးကော်မတီဝင်များ၊ ကြက်ခြေနီ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းစသော လူမှုရေးအသင်း အဖွဲ့များသည် မြို့မဈေးထိပ်တွင် ဈေးသို့လာရောက်သော ပြည်သူများအား နှာခေါင်းစည်း (Mask)များ ဖြန့်ဝေပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်းတို့ ဆောင်ရွက်ပေးပြီး  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် COVID-19 ရောဂါကြိုတင် ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များကို လိုက်နာ ဆောင်ရွက်ရေး၊ အပြင်ထွက်လျှင် နှာခေါင်းစီး(Mask)တပ်ဆင်ရေး၊ လက်ကိုမကြာခဏ ဆေးကြောရေး၊ လူစုလူဝေး ရှောင်ကြဉ် စေရေး၊ ပြည်သူတစ်ဦးချင်းစီက ကျန်းမာရေးအသိဖြင့် ရောဂါကာကွယ်ရေးတွင် ပူးပေါင်းပါဝင်ရေးတို့ကို အသိပညာပေး ပြောကြား ခဲ့သည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် မြို့မဈေးတွင်းသို့ သွားရောက်ပြီး COVID-19 ညွှန်ကြားချက်များနှင့်အညီ ဈေးရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့သည်။ ပြည်သူများ နှာခေါင်းစည်း (Mask)တပ်ဆင်မှု ရှိ/မရှိကို မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် တာဝန်ရှိသူများက နေ့စဉ်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်