ကျေးသီးမြို့နယ်၊ နားပန်ကျေးရွာ၌ မြေသားလမ်း သဲဗြုန်းခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ကျေးသီး ဖေဖော်ဝါရီ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ (၆)လတာ ဘဏ္ဍာရေးနှစ် ကာလအတွင်း ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်လာစေရန် ရည်ရွယ်၍ နားပန်ကျေးရွာတွင် မြေသားလမ်း သဲဗြုန်းခင်းခြင်း လုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း  သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးသီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဦးအေးနိုင်၊စီမံကိန်း တာဝန်ခံ ဦးမောင်ခိုင်နှင့် အင်ဂျင်နီယာ ဝန်ထမ်းများက  နားပန်ကျေးရွာတွင် အရှည် ၁၈၉၀ ပေ ၊ အကျယ် ၁၂ ပေ ၊ထု ၆ လက်မ ရှိ ကျေးရွာတွင်း မြေသားလမ်း သဲဗြုန်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့် တွေ့ဆုံက ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ် ငန်းများကို ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားခဲ့သည်။

နားပန်ကျေးရွာတွင် အဆိုပါလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်းပံ့ပိုး ရန်ပုံငွေ ကျပ်သိန်း(၁၀၀)၊ ကျေးရွာပြည်သူလူထု လုပ်အားများ၊ ဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့်  ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ကျေးရွာရှိ အကျိုးပြု အိမ်ခြေ(၁၀၁)အိမ်၊ လူဦးရေ(၇၇၅)ဦးအတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလွယ်ကူ ချောမွေ့ကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးအေးနိုင်ထံမှ သိရသည်။

နန်းမွမ်းဆိုင်(ကျေးသီး)