တောင်ကုတ် ဖေဖော်ဝါရီ ၁၈
ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်က မြို့ပေါ်ရပ်ကွက် လမ်းဆုံ လမ်းခွများအတွင်း လှည့်လည်အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း လျော့နည်းကျဆင်းမှုရှိပြီး ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်သည် မိမိတို့ပြည်နယ်တွင် စတင်ကူးစက်လာပြီ ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်မှာနေကြရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask) ကို စနစ်တကျ တပ်ဆင်၍ အပြင်ထွက်ကြရန်၊ လက်ကို မကြာခဏ ဆပ်ပြာနှင့် စက္ကန့်(၂၀)ကြာဆေးကြောကြရန်၊ လူထူထပ်သောနေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ကြရန်၊ ကာကွယ်ဆေးများကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံမှုအပြည့်အဝ ရရှိစေရန် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မိဘပြည်သူများအနေဖြင့် မပျက်မကွက် အကြိမ်အရေအတွက် ပြည့်ဝစွာ ထိုးနှံကြပါရန် စသည့် အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ ကြကြောင်းသိရသည်။
စန်းဝင်း(မြို့နယ်၊ ပြန်/ဆက်)