တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ လူထူအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ပြုလုပ်

တနိုင်း  ဖေဖော်ဝါရီ  ၁၈

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းမ၌ ဖေဖော်ဝါရီလ (၁၇) ရက်နေ့  ညနေ (၃) နာရီက အဆိုပါ ရုံးဝန်ထမ်းများက စာရေးဆရာ"အောင်သင်း"ရေးသားထားသည့်  "ဖိုးဖိုးအောင်၏ မေတ္တာစာ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝါဦးက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရန်၊ စာပေအကြောင်းအရာများကို အပြန်အလှန်နှီးနှော ဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ  တိုးပွားလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဦးဖေအောင်- စာကြည့်တိုက် လက်ထောက်-၃ က "စာသင်ခန်းပြင်ပ"ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်ဂျာအောင်လု - ရုပ်သံ ၃(ပြ)က "ပတ်ဝန်းကျင်နှင့် အပေါင်းအသင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးရှမ်းဝှမ်းရုံးအကူက "ဘဝတိုးတက်ချင်ရင်" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေး ခဲ့ကြရာ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ဖြည့်စွက်ဆွေးနွေးပြီး  စာဖတ်ဝိုင်းကို လစဉ်ပြုလုပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဝါဝါ(ပြန်/ဆက်)