မိုင်းဖြတ်မြို့၌ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းအား တာဝန်ရှိသူမှ ကွင်းဆင်းကြည့်ရှု စစ်ဆေး

မိုင်းဖြတ်   ဩဂုတ်   ၂၈

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် (Covid-19 Economic Relief Plan) CERP ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအား စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ ညနေ ၃နာရီခွဲ က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ စီးပွားကုစားမှု အစီအစဉ်ဖြင့် စိုက်ပျိုးထားရှိသည့် စပါးမျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးထားရှိသည့် အခြေအနေများကို မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့သည်။

ထို့နောက် ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်း က အရည်အသွေးနှင့် မျိုးစေ့သန့်စင်မှု ရှိစေရန်အတွက် မျိုးစေ့ထုတ် အကျိုးဆောင်တောင်သူများနှင့် ပူးပေါင်းပြီး မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းကို အောင်မြင်အောင် ဆောင်ရွက်သွားနိုင်ရေးအတွက် မြို့နယ်စီးမှူး ဦးသန်းထွဋ်လွင်နှင့် ကွင်းဝန်ထမ်းများအား လမ်းညွှန်မှာ ကြားခဲ့သည်။

မိုင်းဖြတ်မြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ရာသီတွင် ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် CERP ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများကို ကျေးရွာအုပ်စု သုံးအုပ်စုရှိ ကျေးရွာငါးရွာရှိ တောင်သူ ၁၉ ဦးဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)