ကျိုက်မရော၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ကျိုက်မရော   ဖေဖော်ဝါရီ     ၁၈

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ မပျက်စီးမကုန်ဆုံးစေရေးနှင့် နွေရာသီမီးဘေး ကြိုတင်ကာကွယ်ရေး အတွက် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များသာမက ကျေးလက်ဒေသများထိ မီးဘေးကာကွယ်ရေးနှင့် လက်တွေ့မီးငြိမ်း သတ်နည်းများ ကွင်းဆင်းပြသခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့နေ့လယ်ပိုင်းက ကျိုက်မရောမြို့နယ် ကော့ကလော့ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မီးဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်ရာတွင် ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီး အရာရှိ ဦးတင်သောင်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရမည့်အစီအမံများ၊  မီးသတ်ဆေးဗူးများ၊ မီးငြိမ်းသတ်နိုင်ရန်  ရေအိတ်၊ သဲအိတ်များ မီးဂျိပ်၊ မီးကတ်များစသည့်ပစ္စည်းများကို နေအိမ်တိုင်း၌ အဆင်သင့်မရှိမဖြစ်ထားရှိရန်၊ လူနေအိမ်နှင့် နီးသောရပ်ကွက်များ၊စာသင်ကျောင်းများအနီး မီးလောင်လွယ်သည့် ကောက်ရိုးပုံများ၊ စပါးကျည်များ၊ ရော်ဘာပြားသိုလှောင်ရုံများ၊ စက်သုံးဆီ အရောင်းဆိုင်များမထားရှိရန်၊ ရပ်ကွက် ကျေးရွာအတွင်း လောင်စာဆီများ  သိုလှောင်ခြင်းမပြုကြရန်၊ အိမ်တိုင်း၌ မီးသတ်ဆေးဘူးများ အလွယ်တကူထားရှိပြီး မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်နည်းများကို လေ့ကျင့်ထားပေးရန်၊ မီးဘေးအန္တရာယ်ကြုံရပါက နီးစပ်ရာမီးသတ်စခန်း နှင့် မြို့နယ်မီးသတ်ဦးစီးဌာနသို့ ချက်ချင်းသတင်းပို့နိုင်ရေးအတွက် အရေးပေါ် ဖုန်းနံပါတ်များကို ပြည်သူလုထုမြင် သာသည့်နေရာများတွင် ဗီနိုင်းများဖြင့် ချိတ်ဆွဲရေးသား၍ ဖော်ပြထားရန်တို့ကို အသိပညာပေးဆွေးနွေးကာ မီးငြိမ်းသတ် နည်းလက်တွေ့သရုပ်ပြခြင်းကို မီးသတ်တပ်ဖွဲ့ ဝင်များက သရုပ်ပြဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ညစဉ်မီးသတ်မော်တော်ယာဉ်များဖြင့် မီးသတိပြုရန် ပညာပေးလှုံ့ဆော်ခြင်းများကို မြို့ပေါ်ရပ်ကွက်များအတွင်း၌ နေ့စဉ် နှိုးဆော်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး (ကျိုက်မရော)