ရေးမြို့နယ်၊ အံဒင်ကျေးရွာအုပ်စု၊ ဓမင်းဆိပ်ကျေးရွာငါးမျှားစခန်း၌ မီးလောင်မှုဖြစ်ပွား

ရေး ဩဂုတ်    ၂၈

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာအုပ်စု၊ ဓမင်းဆိပ်ကျေးရွာ ငါးမျှားစခန်းနေ ဦးနီမျိုး နေအိမ်နှင့်တွဲလျက်ရှိသော ငါးလှမ်းကြပ်စင်တွင် ကြပ်တိုက်ရာမှ ပေါ့ဆမီးကြောင့် ယမန်နေ့ ညနေ ၆ နာရီခွဲအချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်ရာနေရာသို့ ရေးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရန်ကြီးအောင်ရပ်ကွက်မှအရန်မီးသတ်ယာဉ်(၁)စီး၊ အဘော်၊ ဇီးဖြူသောင်နှင့် အံဒင်အရန်မီးသတ်တပ်ဖွဲ့တို့မှ မီးငြှိမ်းသတ်ယာဉ်နှင့် ရေသယ်ယာဉ်(၁)စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ည(၇)နာရီ ၅၀ မိနစ်အချိန် တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် ဦးနီမျိုးပိုင်ဆိုင်သော နေအိမ်(၁)လုံးနှင့် ငါးလှမ်းကြပ်စင်(၁)စင် တို့ မီးလာင်ကျွမ်းခံရသဖြင့် စုစုပေါင်း တန်ဖိုးငွေကျပ်(၁၀)သိန်းခန့်ဆုံးရှုံးခဲ့ရပြီး မီးဘေးသင့် လူကြီး (၂)ဦးနှင့် ကလေး(၃)ဦးတို့အား နီးစပ်ရာဆွေးမျိုးများ၏ နေအိမ် တွင် ယာယီနေရာချထားပေးခဲ့သည်။

မီးလောင်မှုကြောင့် လူနှင့်တိရိစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ မီးစတင်လောင်ကျွမ်းစေသူအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်သိမ့်သိမ့်ရည်(ပြန်/ဆက်)