ခရမ်းမြို့နယ် ကြူတောကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ခရမ်း  ဖေဖော်ဝါရီ  ၁၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး  ဦးမောင်မောင်သန်းနှင့်အတူ ဝန်ထမ်းအဖွဲ့များ၊ ကြူတောကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ကျေးရွာဘုန်းတော်ကြီးကျောင်း  ဓမ္မာရုံတွင် ယမန်နေ့ နံနက်  ၈ နာရီမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ကွင်းဆင်းဆောင်ရွက် ခဲ့ပါသည်။

ထိုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရမ်းမြို့နယ် မြို့နယ်ဦးစီးမှူးဦးမောင်မောင်သန်းမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (အသစ်/လဲလှယ်) ခြင်းများပြုလုပ်ပေးရာတွင် သိသင့်သိထိုက်သည့်အချက်များနှင့် ပန်းခင်းစီမံချက် ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ၏ရပိုင်ခွင့်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူတို့ လိုက်နာရမည့် စည်းကမ်းချက်များ၊ အိမ်ထောင်စုလူဦးရေစာရင်းလျှောက်ထားမှု၊ မွေးဖွားသေဆုံး/ ပြောင်းဝင်/ ပြောင်းထွက် လုပ်ငန်းတို့၏ အရေးပါပုံတို့နှင့်အတူ ပြုလုပ် ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြုပြင်ခြင်းနှင့် ပျောက်ဆုံးပျက်စီးမှုများရှိပါက သက်ဆိုင်ရာဦးစီးဌာနသို့ ဆက်သွယ်ပြုလုပ် နိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ ပြီးပြုလုပ်ပြီးစီးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ကြူတောကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေပြည်သူ (၁၆၅)ဦးတို့ကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုမင်း ( ခရမ်း )