ကျောက်ဆည်၊ ဖေဖော်ဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့မွန်းလွဲ ၁ နာရီက ခရိုင်ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတွင် စာဖတ်စွမ်းရည်နှင့်စကားပုံဆက်ပြိုင်ပွဲ ကျင်ပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူများ စာကြည့်တိုက်နှင့် အကျွမ်း တဝင်ရှိပြီး စာပေဖတ်ရှုသည့် အလေ့အထများ ရှိလာစေရန်နှင့် စာပေချစ်မြတ်နိုးသည့်စိတ်များ ပေါ်ပေါက် လာစေရန်၊ အတွေးအမြင်ဗဟုသုတများ ပိုမိုကြွယ်ဝလာစေရန်၊ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန် ထက်မြတ်သည့်လူငယ်များ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကျောင်းသား/ကျောင်းသူများ အနေဖြင့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းကြောင့် စာအုပ်၊ စာပေများ ပိုမိုဖတ်ရှုလာပြီး ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာမှာ ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပြီး စာဖတ်စွမ်းရည်နှင့် စကားပုံဆက်ပြိုင်ပွဲများ ကျင်းပခဲ့ရာ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၃၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများအသီးသီး ချီမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)