ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း မရှိသေးသူများအား ဆောင်ရွက်ပေးလျက်ရှိ

ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၁၈

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပုဗ္ဗသီရိမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဝင်းသိန်းနှင့် ဝန်ထမ်းများက ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာအုပ်စု၊ အေးချမ်းသာယာ ခန်းမဆောင်၌ ကျေးရွာနေ ပြည်သူများအား “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြဆို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း မရှိသေးသူများအား ယမန်နေ့က ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုဗ္ဗသီရိမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဝင်းသိန်းက တက်ရောက်လာသော ရပ်ကွက်နေပြည်သူများအား ပန်ခင်းစီမံချက် လုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆောင်ရွက်ပေးမည့် လုပ်ငန်းများအကြောင်း၊ အိမ်ထောင်စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား စနစ်တကျ ထိန်းသိမ်းကြစေလိုကြောင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်း ရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပုဗ္ဗသီရိမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဝင်းသိန်းနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အေးမြင့်သာယာ ကျေးရွာအုပ်စုအတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း မရှိသေးသူအား ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မျိုးသီဟ