တွံတေး ဖေဖော်ဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ ပြည်သူ့ စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ပြည်သူများ အသိပညာတိုးပွားစေရန်၊ စာပေဖတ်ရှု့ခြင်းဖြင့် အတွေးအခေါ်ဗဟုသုတများ ရရှိစေရေး၊ မိမိဖတ်ရှု့သော စာအုပ်ပါအကြောင်းအရာများကို ပြန်လည်ဆွေးနွေး တတ်စေရေး၊ လူငယ်များ အများရှေ့တွင် ပြောရဲဆိုရဲရှိလာစေရေး လူငယ်များကို ပတ်ဝန်းကျင်ကောင်း ရရှိလာအောင် လမ်းပြပေးနိုင်စေရေးနှင့် စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်ကမ်း ချက်များနှင့်အညီ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးသက်ဦး ဦးစီးအရာရှိ (တာဝန်ပေး)က ဦးဆောင်ဆွေးနွေးရာ စာရေးဆရာ တက်တိုးရေးသားသည့် "စာဖတ်စည်းစိမ်" စာအုပ်မှ "များများဖတ်မှ တတ်မယ်ဆိုသည့်" ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် အင်္ဂလိပ်စာပဲ ဖြစ်ဖြစ်၊ မြန်မာစာပဲဖြစ်ဖြစ် တကယ်တော့ အခြားဘာသာစကား စာပေအရေးအသားပဲ ဖြစ်ဖြစ် များများဖတ်ဖို့လိုကြောင်း၊ များများဖတ်မှ များများတတ်မယ်ဆိုတာကို သိစေချင်ကြောင်း စာဖတ်ရာမှာလည်း လိုလိုချင်ချင်နဲ့ ဖတ်ဖို့လိုကြောင်း၊ စိတ်မပါဘဲစာဖတ်ရင်တော့ ပင်ပန်းတာပဲ အဖတ်တင်မှာ ဖြစ်ကြောင်း၊ ယနေ့ခေတ်မှာ စာဖတ်တဲ့ အလေ့အကျင့်တွေကို များများလေ့ကျင့် ပေးဖို့ လိုကြောင်း ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ Book Club အဖွဲ့ဝင် ဦးဖိုးကျားက "တစ်လင်တစ်မယားစနစ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နော်ဝါဝါလှိုင်က "လူ၏အရည်အသွေးကို မှန်ကန်စွာတိုင်းတာခြင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း မိမိတို့ဖတ်မှတ်မိသမျှ ဆွေးနွေးမျှဝေကြပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးသက်ဦး ဦးစီးအရာရှိ (တာဝန်ပေး)က ယခုလိုစာဖတ်ဝိုင်းများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ အကြောင်းနှင့် ယခုလို စာဖတ်ဝိုင်းကို တက်ရောက်ဆွေးနွေးပေးကြသော Book Club အဖွဲ့များအား ကျေးဇူး တင်ရှိကြောင်း ပြောကြားခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းသို့ Book Club အဖွဲ့ဝင်(၆)ဦး တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
တွံတေးသား