ကိုဗစ်ရောဂါပိုး တွေ့ရှိသော Myanmar Asia Optical အမည်ရှိမှန်ဘီလူးစက်ရုံသို့ သက်ဆိုင်ရာတာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

မင်္ဂလာဒုံ ဖေဖေါ်ဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်ရှိ Myanmar Asia Optical အမည်ရှိ မှန်ဘီလူးစက်ရုံတွင် ၂၈.၁.၂၀၂၂ ရက်နေ့တွင် ဝန်ထမ်း(၅)ဦးသည် ဖျားနာသဖြင့် ကျန်းမာရေးဝန်ထမ်းများမှ RDT Test ဖြင့် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူပြီး စစ်ဆေးရာ ကိုဗစ်ပိုးတွေ့ရှိသဖြင့် ၎င်းတို့နှင့်တွေ့ထိခဲ့သူများကို သီးသန့်အဆောင်များတွင် Quarantine ထားရှိခဲ့ကြောင်း သိရသည်။

အဆိုပါ Quarantine ထားရှိသူများသည် သတ်မှတ်ရက်ပြည့်၍ လုပ်ငန်းခွင်များတွင် ယနေ့ နံနက်ပိုင်းမှစ၍ အလုပ်များဝင်ရောက် လုပ်ကိုင်နိုင်ရန်အတွက် ယမန်နေ့ ညနေ (၄)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးဒုဥက္ကဋ္ဌ ဦးအောင်ရွှေဦး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူဝန်မှုကြးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်သူအောင်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ပူးပေါင်း၍ စက်ရုံအတွင်းအပြင် သန့်ရှင်းရေး၊ စက်ရုံရှိ ဝန်ထမ်းများနေသည့် အဆောင်များအား ပိုးသတ်ဆေးဖြန်း၍ သန့်ရှင်းစေရေး၊ အိမ်သာများ၊ ရေချိုးသည့်နေရာများကို ပိုးသတ်ဆေးများဖြန်း၍ သန့်ရှင်းစေရေး စသည်တို့ကို ကြည့်ရှုစစ်ဆေး၍ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်လုပ်ကိုင်ကြရန် စက်ရုံရှိ တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

သန္တာ