မြင်းခြံ ဩဂုတ် ၂၈
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ လတ်တလောအခြေအနေတွင် ကူးစက်ပြန့်ပွားမှုများလာသည့်အတွက် မိမိတို့မြို့နယ်အတွင်း ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် သက်ဆိုင်ရာဌာန ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းကာကွယ်ရေးလုပ်ငန်းများကို ကြိုးစားလုပ်ကိုင်ပေးကြရန်လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ် ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်၊ ပြည်သူများအပြင်ထွက်တိုင်း နှာခေါင်းစည်း Mask တပ်ဆင်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီနေထိုင်ရေးအတွက် အသိပညာပေးလုပ် ငန်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ၊ ဈေးဆိုင်၊ စတိုးဆိုင်၊ စားသောက်ဆိုင်များ၊ ဆေးဆိုင်များအား ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ပညာပေးခြင်း၊ တာဝန်ရှိသူများက အထူးကြပ်မတ်စစ်ဆေးပြီး စည်းကမ်းလိုက်နာမှုမရှိသူများအား ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆက်လက်ဆောင် ရွက်သွားရန်တို့ကို ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော သက်ဆိုင်ရာတာဝန်ရှိသူများ လူမှုကူညီရေးအသင်းအဖွဲ့များက နိုင်ငံခြား များမှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများ၏ နေထိုင်စားသောက်ရေးအတွက် အဆင်ပြေစေရေးနှင့် Quarantine အဖြစ် သတ်မှတ်ထားရှိမည့်နေရာများရရှိရေးနှင့် Quarantine Centre တွင် ထားရှိမည့် နေရပ်ပြန်များကို ခေါ်ဆောင်ရေးတို့အတွက် လိုအပ်သည်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)