မိတ္ထီလာ (မြောက်) ကန် ရေသောက်စနစ်ဖြင့် နွေစပါးများ စိုက်ပျိုးနိုင်ရေး ပျိုးထောင်ရေများ စတင် လွှတ်ပေးလျက်ရှိ

မိတ္ထီလာ ဖေဖော်ဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ(မြောက်)ကန် ရေသောက်စနစ်ဖြင့် ​နွေစပါးများ စိုက်ပျိုးနိုင်ရေး ပျိုးထောင်ရေများကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှစတင်၍ လွှတ်ပေးလျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ဝမ်းစာဖူလုံရေးအတွက် ဆည်ရေကန်ရေများဖြင့် နှစ်စဉ်မိုးစပါးများနှင့် နွေစပါးများကို စိုက်ပျိုးလျက်ရှိရာမှ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် အဆိုပါ ဆည်ကန် များတွင် မိုးရေဝင်ရောက်မှု နည်းပါးသည့်အတွက် နွေစပါးကို မြို့နယ်အတွင်းရှိ ဆည်၊ ကန်များ အားလုံး စိုက်ပျိုး နိုင်ခြင်းမရှိဘဲ မိတ္ထီလာကန်၊ မုန်တိုင်ဆည်၊ ချောင်းကောက်ဆည်နှင့် ရှမ်းမငယ် ဆည်ရေတို့ဖြင့်သာ နွေစပါးစိုက်ပျိုးသွားမည်ဖြစ်သည်။ ယင်းသို့ နွေစပါးများ စိုက်ပျိုးရာတွင် မိတ္ထီလာ (မြောက်) ကန်ရေဖြင့် လျော်ဖြူကန်၊ ဇောင်ချမ်းကုန်း၊ ကဖြူကျေးရွာအုပ်စုများရှိ ကွင်း ၆ ကွင်းတွင် နွေစပါးစိုက်ဧက ၃၀၀ စိုက်ပျိုး သွားမည်ဖြစ်ရာ ၎င်းစိုက်ဧကများတွင် နွေစပါးစိုက်ပျိုး နိုင်ရေး ပျိုးထောင်ရန် ကန်ရေများ စတင်လွှတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်၌ ဆည်ရေကန်ရေသောက်စနစ်ဖြင့် နွေစပါးစိုက်ဧက ၈၂၀ စိုက်ပျိုးသွားရန် လျားထားကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)