မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်း သတ်နည်း သရုပ်ပြပေး

မော်လမြိုင် ဖေဖော်ဝါရီ ၁၈

မွန်​ပြည်နယ် မီးသတ်ဦးစီးဌာနသည် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံတော်၏ ကုန်ထုတ်အရင်း အနှီးများ မီးဘေးအန္တရာယ်ကြောင့်   ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရန်  ရည်ရွယ်၍ ရုံးဌာနများ၊ ကုမ္ပဏီများ၊  စက်ရုံ၊ အလုပ်ရုံများ၊ စျေးများနှင့်  ရပ်ကွက်/ကျေးရွာများအလိုက် မီး​ဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက  မော်လမြိုင်မြို့နယ်  မီးသတ်ဦးစီးဌာန တာဝန်ရှိသူများသည် ဟိုတယ် KS ဝန်ထမ်းများအား မီးဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြ ပေးသည်။

အသိပညာပေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများက မီးဘေးအန္တရာယ်မဖြစ်ပေါ် စေရန် ကြိုတင်ကာကွယ်ရမည့် အချက်များ၊  မီးသုံးစွဲရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ အရေးပေါ်အခြေအနေတွင် မီးလောင်မှုဖြစ်ပွားပါက မီးငြှိမ်းသတ်ခြင်း၊ သဲပုံး၊ ရေပုံးများ၊ မီးချိတ်၊   မီးကတ်မီးသတ်ဆေးဘူးများ စနစ်တကျသုံးစွဲရေးနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ အသုံးအဆောင် ပစ္စည်းများ ထားရှိရေးတို့ကို ရှင်းလင်းဆွေးနွေးပေးပြီး လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြပေး သည်။

ထို့နောက် ဝန်ထမ်းများက သိရှိလိုသည့် မီးဘေးအန္တရာယ် ကာကွယ်ရေးအချက်များ၊ အရေးပေါ် ဆက်သွယ်အကြောင်းကြားရမည့် ဖုန်းနံပါတ်များနှင့် မီးသတ်ဆေးဘူး အသုံးပြုပုံတို့ကို မေးမြန်း ကြရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားပေးကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)