တာမွေမြို့နယ်အတွင်းရှိ စျေးများတွင် အိုမီခရွန် (omicron)ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လှုပ်ရှားမှုများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်

ရန်ကုန် ဖေဖော်ဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) ကူးစက်မှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (စျေးများနှင့်ကုန်စည်ပွဲရုံများဌာန)၏ စီစဉ်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များနှင့် မြို့နယ်စည်ပင်သာယာ ရေးကော်မတီမှဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာမွေမြို့နယ်အတွင်းရှိ လူစည်ကားရာစျေးများ တွင် ပါးစပ်/နှာခေါင်းစည်း ( Mask ) များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ​ရောဂါပိုး အိုမီခရွန် (omicron)နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) ကူးစက်မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) ကူးစက်မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လှုပ်ရှားမှုဆောင်ရွက်ရာ၌ စျေးရောင်းချနေသူများ၊ စျေးလာရောက် ဝယ်ယူကြသူများ၊ လမ်းသွားလမ်းလာများနှင့် မြို့နယ်အတွင်းရှိ ပြည်သူများအား စျေးရောင်း/စျေးဝယ် ပြု လုပ်ကြရာတွင်  နှာခေါင်းစည်း ( Mask )နှင့် မျက်နှာကာ (Face shield)များ တပ်ဆင်ပြီးမှ စျေးရောင်း/ စျေးဝယ် ပြုလုပ်ကြရန်၊ နေအိမ်ပြင်ပမှ ပြန်လာသည့် အခါတိုင်းနှင့် အရာဝတ္ထုများ ကိုင်တွယ်ပြီးတိုင်း လက်ကို လက်သန့်ဆေးရည်(သို့)လက်ဆေးဆပ်ပြာနှင့် စက္ကန့် (၂၀)ကြာ စနစ်တကျ ဆေးကြောကြရန်၊ တစ်ဦးနှင့် တစ်ဦး (၆)ပေအကွာမှ ပြောဆိုဆက်ဆံမှုများ ပြုလုပ်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာစား သောက်ကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသူများအား အမြန်ဆုံး ကာကွယ်ဆေးထိုးနှံကြရန် အသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဘက်စုံထောင့်စုံမှ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာသည့်အခါ ပါးစပ် / နှာခေါင်းစည်း ( Mask ) တပ်ဆင်မှုများ လျော့နည်းလာသည့်အတွက် ယခုလို မြို့နယ်အတွင်းရှိ စျေးများနှင့် လူအသွားအလာများသည့် နေရာများတွင် နှာခေါင်းစည်း ( Mask ) တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ  ၂၀၂၂-ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဖေဖော်ဝါရီလ(၁၇)ရက်နေ့အထိ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူ (၂၀၉)ဦး အထိရှိပြီး ရောဂါကြောင့် လူတစ်ဦးသေဆုံးမှုဖြစ်ပေါ်ခဲ့သဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက် များအား အမျိုးသားရေးအသွင်ဖြင့် မှတ်ယူပြီး တိကျစွာ လိုက်နာခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီက စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သတင်း ရသည်။

နိုင်လင်းအောင်(တာမွေ)