မလှိုင် ဖေဖေါ်ဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ ဝါသီးနှံမျိုးစေ့ထုတ်လုပ်နည်း ပညာပေး ဆင့်ပွားသင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်စိုက်ပျိုးရေးရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဉက္ကဋ္ဌ ဗိုလ်မှူးဌေးသန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးစန်းယုက တောင်သူများအနေဖြင့် မျိုးစေ့ထုတ်လုပ်ရာတွင် အရည်အသွေး ပြည့်မီရေးအတွက် ထည်ရေးကောင်းရန်၊ စိုက်နည်းစနစ် မှန်ကန်ရန် ( ၃ ပေ ပတ်လည် စိုက်ရန်)၊ သားခွဲချိန်တွင် (၂) ပင်ချန်၍ သားခွဲရန်၊ ရေးသွင်းပြီးတိုင်း ကြားထွန်လိုက်ရန်၊ ပိုးသတ်ဆေး စနစ်တကျ သုံးစွဲရန်စသည့် စိုက်ပျိုးနည်းစနစ်များနှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) စနစ် အကြောင်းကို ရှင်းလင်းပို့ချခဲ့သည်။
ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်စုနွယ်လှိုင်က မျိုးကောင်း မျိုးသန့် ရွေးချယ် စိုက်ပျိုးရေးနှင့်ပတ်သက်၍ ရှင်းလင်းပို့ချဆွေးနွေးခဲ့ပြီး သင်တန်းတက်ရောက် လာသူများ၏ သိလိုသည့် မေးမြန်းချက်များကို မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားပေးခဲ့သည်။
အဆိုပါ ဆင့်ပွားသင်တန်းသို့ မြို့နယ်အတွင်းရှိ ဝါစိုက်တောင်သူများနှင့် စိတ်ပါဝင်စားသူများ၊ စုစုပေါင်း တောင်သူ(၃၇ ) ဦးနှင့် မြို့နယ်စိုက်ပျိုးရေးရုံး မှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ဝါစိုက်တောင်သူများအား တစ်ဧကလျှင် ယူရီးယား ဓါတ်မြေဩဇာ တစ်အိတ်နှုန်း အစိုးရ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချ ပေးခဲ့ကြောင်း သိရသည် ။
အောင်ဌေး(မလှိုင် )