မောင်တော ဖေဖော်ဝါရီ ၁၈
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန် ကညင်ချောင်းစီးပွားရေးဇုန် အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးက အဖွင့်အမှာစကားပြောကြားရာတွင် ကိုဗစ်−၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ကုန်စည်စီးဆင်းမှု အခြေအနေများ၊ နိုင်ငံတော် အခွန်ရရှိနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ မှောင်ခိုကိစ္စရပ်များ တားဆီးနိုင်ရေး အထူးကြပ်မက်ဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ရေး၊ ဈေးများတွင် ဈေးရောင်းချသူများနှင့် ဈေးဝယ် သူများအား နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်ရေးကြပ်မတ် ဆောင်ရွက်ရန်ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က ကညင်ချောင်းစီးပွားရေးဇုန်တွင် ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန်ကူးစက်မြန်ရောဂါ ကာကွယ်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်နေမှု အခြေအနေများ၊ မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါထိုးနှံပြီးစီးမှုများ၊ ကာကွယ်ဆေးရရှိသည့် အခြေအနေများအပေါ် ဆေးထိုးနှံပေးခဲ့မှု၊ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ Quantine ထားရှိနိုင်ရေးနေရာများ လျာထားဆောင်ရွက်ထားသည့် အခြေအနေများ၊ စီးပွားရေးဇုန် အတွင်းရှိ ကုန်တင်ကုန်ချ အလုပ်သမားများ ကာကွယ်ဆေးနှစ်ကြိမ်ပြည့် ထိုးနှံပြီးစီးမှု၊ တစ်ဖက် နိုင်ငံသို့ ကုန်စည်များပို့ဆောင်နေသော စက်လှေမောင်းနှင်းသူများနှင့် လှေသမားအား Quantine ထားရှိမှု အခြေအနေများအာ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာနုကေသီစံ က ကိုဗစ်−၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန် ရောဂါလက္ခဏာများ၊ ကာကွယ်ဆေးရရှိမှု အခြေအနေ၊ ယခုအခါ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covid Shield နှစ်ကြိမ်ထိုးနှံပြီးစီးသော နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster ထိုးနှံပေးနေပြီဖြစ်သဖြင့် မထိုးနှံရသေးသည့် ဝန်ထမ်းများအနေဖြင့် လာရောက်ထိုးနှံကြရန် လိုအပ်ကြောင်းပြောကြားပြီး ကညင်ချောင်းစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီဒါရိုက်တာ ဦးအောင်မြင့်သိန်းက ကညင်ချောင်းစီးပွားရေးဇုန်တွင် ကုန်စည်စီးဆင်းမှု ဆောင်ရွက်ရာတွင် ကိုဗစ် - ၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန်ကူးစက်မြန်ရောဂါ ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာကြသော ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များက အဆိုပါကိစ္စရပ်များအား ဝိုင်းဝန်းဆွေးနွေး တင်ပြခဲ့ကြ ပြီးလိုအပ်သည်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး