မိတ္ထီလာ သြဂုတ်လ ၂၈
မိတ္ထီလာမြို့ စည်ပင်သာယာစျေးကြီးတွင် ရောင်းချလျက်ရှိသော စားသုံးကုန်များနှင့်ဆေးဝါးများအား စျေးနှုန်းတိုးမြှင့်ရောင်းချခြင်း ရှိ/မရှိ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း အရေးကြီးကုန်စည်များဖြစ်သည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများကို စျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း များ မရှိစေရန် မိတ္ထီလာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး စည်ပင်သာယာစျေးကြီး၊ ဗဟိုစျေးကြီးနှင့် ပိတောက်မြိုင်စျေးများအတွင်း ရောင်းချလျက်ရှိသော စားသုံးကုန်ပစ္စည်းအရောင်းဆိုင်ရာများ၊ ဆေးဝါပစ္စည်းအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးပြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများအား မရိုးမဖြောင့်သောသဘောဖြင့် ပုံမှန်စျေးနှုန်းထက် စျေးနှုန်းတိုးမြှင့်ရောင်းချခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အနည်းဆုံးထောင်ဒဏ်(၆)လမှ အများဆုံးထောင်ဒဏ် (၃) နှစ်အထိ ချမှတ်နိုင်သည့်အပြင် ကျပ်ငါးသိန်းထက် မပိုသောငွေဒဏ်ကိုလည်း ချမှတ်ခြင်းခံရမည်ဖြစ်ကြောင်း၊ စျေးဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ကြောင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းစိုးထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)