မြစ်ကြီးနား ဖေဖော်ဝါရီ ၁၈
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဂိတ်များသို့ ကူးသန်းသွားလာလျက်ရှိသော ကုန်သွယ်ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များနှင့် ကုမ္ပဏီဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာစေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲအား ယမန်နေ့ နံနက်ပိုင်းတွင် ဝိုင်းမော်မြို့နယ် တန်ဘောင်ကျေးရွာရှိ KEP Logistics Co,ltd အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး အောင်ကြည်လင်းက တက်ရောက် အမှာစကား ပြောကြားသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးက ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးကာလအတွင်း တရုတ်-မြန်မာ ကုန်သွယ်ရေးစခန်းနှင့် နယ်စပ်ဂိတ်များသို့ ဖြတ်သန်းသွားလာလျက်ရှိတဲ့ ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များအနေဖြင့် နှစ်နိုင်ငံသဘောတူထားတဲ့ စည်းမျဉ်း စည်းကမ်းများနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များအား တစ်ဦးချင်းတိကျစွာ လိုက်နာရန်လိုအပ်ကြောင်း၊ ကုန်စည် သိုလှောင် စခန်းများနှင့် ယာဉ်ရပ်နားစခန်းများ၌ တာဝန်ထမ်းဆောင်လျက်ရှိတဲ့ ကုမ္ပဏီဝန်ထမ်းများအနေဖြင့်လည်း ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ရန်လိုအပ်ကြောင်း ကိုဗစ်-၁၉ရောဂါအား အောင်မြင်စွာ ထိန်းချုပ်နိုင်မှသာ နယ်စပ်ဂိတ်များမှ ပြည်တွင်းကုန်စည်များ လွယ်ကူ လျင်မြန်စွာ စီးဆင်းနိုင်မည်ဖြစ်ကြောင်း အမှာစကား ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသော ဝိုင်းမော်မြို့နယ်အတွင်းရှိ ကုန်သွယ်ရေးကုမ္ပဏီများမှ တာဝန်ခံများက တစ်ဦးချင်း မိတ်ဆက်ပြီး ၎င်းတို့၏ ကုမ္ပဏီများအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ဆောင်ရွက်ထားမှု အခြေအနေများအား တင်ပြဆွေးနွေးသည်။
ထို့နောက် ဝိုင်းမော်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါက်တာ သိန်းမြို့က နှစ်နိုင်ငံကုန်သွယ်ရေး စခန်းများသို့ ဖြတ်သန်းသွားလာလျက်ရှိသော ယာဉ်မောင်းများ ယာဉ်နောက်လိုက်များ အားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးများ မဖြစ်မနေထိုးထားရန် လိုအပ်ကြောင်း၊ လတ်တလောကူးစက်ပြန့်နှံ့ ဖြစ်ပွားလျက်ရှိသော ကိုဗစ်မျိုးကွဲသစ်ဖြစ်သော အိုမီခရွန် ဗိုင်းရပ်စ်အကြောင်း အသိပညာပေး ပြောကြားပြီး အဆိုပါ ရောဂါပိုးကူးစက်မှုအား ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာ အသိပညာများအား ဟောပြောပို့ချခဲ့သည်။
အဲဒီနောက် အမှတ်၉၈ ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မြစ်ကြီးနား)မှ တပ်ဖွဲ့စုမှူး၊ ဒုရဲမှူး နိုင်အောင်သူမှ တက်ရောက်လာသော ယာဉ်မောင်း၊ ယာဉ်ကြီးကြပ်နှင့် ယာဉ်နောက်လိုက် များအား ယာဉ်တိုက်မှုဖြစ်ပွားမှု အကြောင်းအရင်းများ၊ ယာဉ်မတော်တဆမှုများ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာများအား ဟောပြောပို့ချခဲ့ပြီး ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒများ ပါဝင်သည့်လက်ကမ်း စာဆောင်များအား ပေးဝေခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)