မုဒုံမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့ မီးငြှိမ်းသတ်နည်း သရုပ်ပြသ

မုဒုံ ဖေဖော်ဝါရီ ၁၈

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၌ နွေရာသီရောက်လာပြီဖြစ်၍ မီးဘေးအန္တရာယ်  မဖြစ်ပေါ်စေရန်နှင့်  ကြုံတွေ့လာပါက   အလျင်အမြန်  မီးငြှိမ်းသတ်နိုင်ရန်အတွက် မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသခြင်း နှင့် အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက နယ်စပ် ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု  စက်ချုပ်သင်တန်း ကျောင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင်   မြို့နယ်မီးသတ် ဦးစီးဌာနမှ  ဦးစီးအရာရှိ ဦးဖုန်းမြင့်အေးက   မီးသတ် ဦးစီးဌာန၏  ရည်မှန်းချက် တာဝန်(၄)ရပ်ဖြစ်သည့်  မီးဘေးလုံခြုံရေး၊   ရှာဖွေကယ်ဆယ်ရေး၊     သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး    လုပ်ငန်းများ အကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောပြီး တပ်ဖွဲ့ဝင်များက  မီးဘေးအန္တရာယ်များ ကြုံကြိုက်လာပါက အဆင်သင့် ငြှိမ်းသတ်နိုင်ရန်အတွက် မည်သည့်နေရာတွင်မဆို အကြောင်း အမျိုးမျိုးကြောင့် မီးဘေးကြုံခဲ့လျှင်  ကနေဦး မီးငြှိမ်းသတ်စေရေး၊  ကယ်ဆယ်ရေး ဆောက်ရွက်မှုများ၊ မီးလောင် ကျွမ်းရခြင်း၏   သဘောတရားများစသည့်   မီးလောင်ကျွမ်းမှုဆိုင်ရာများနှင့် လျှပ်စစ်မီး၊ လောင်စာဆီမီး၊  သဘာဝ မီးဘေးအန္တရာယ်များ၏ မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးဖြင့် ငြှိမ်းသတ်နည်း၊ ရေပုံးလက်ဆင့်သယ် မီးငြှိမ်းသတ်နည်း၊   အဝတ်ရေစိုဖြင့် ဖုံးအုပ်မီးငြှိမ်းသတ်နည်းစသည့်    အခြေအနေများတို့ကို  ကျောင်းအုပ် ဆရာမကြီးနှင့်   သင်တန်း နည်းပြဆရာ/ဆရာမများ၊      သင်တန်းသူများအား လက်တွေ့ သရုပ်ပြသခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)