လယ်ဝေးမြို့အဝင် သာဝတ္ထိ-အင်းသာ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်

လယ်ဝေး    ဩဂုတ် ၂၈

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့အဝင် သာဝတ္ထိ-အင်းသာ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဩဂုတ်(၂၁) ရက်နေ့မှ စတင်၍ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးစစ်ဆေးမှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက် ရှိကြောင်း သိရ သည်။

လယ်ဝေးမြို့နယ်အတွင်းသို့ အခြားတိုင်း/ဒေသကြီး ပြည်နယ်များမှ မော်တော်ယာဉ်များဖြင့် ဝင်ရောက် လာကြသော ပြည်သူများကို ကျန်းမာရေးစစ်ဆေးမှုများ စနစ်တကျစစ်ဆေး ဆောင်ရွက် သွားမည်ဖြစ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ခရီးသည်တင်မော်တော်ယာဉ်များ၊ ကုန်တင်ကားကြီးများနှင့် မော်တော်ဆိုင်ကယ်များအား ရပ်တန့် စေပြီး မိမိတို့ လာရောက်သည့် ဒေသ၏အထောက်အထားများကို မေးမြန်းကြည့်ရှုကာ နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင်ထားရှိစေခြင်း၊ အပူချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး နှိုးဆော်ချက်များအား သိရှိစေရန်အတွက် ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေဇော်ချစ်(ပြန်/ဆက်)