မိုင်းစံ သြဂုတ် ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းစံမြို့၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask တပ်ဆင်သွားလာရေး အသိပညာပေးနှင့် Mask များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈နာရီ က မိုင်းစံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အထွေထွေအုပ်ချုပ်ရေးမှူး ဦးနိုင်လင်းနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မိုင်းစံစျေး၊ ရပ်ကွက်အတွင်းနှင့် လူစည်ကားရာ ပြည်ထောင်စုလမ်းမတစ်လျှောက် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် Mask မတပ်ဆင်ပဲသွားလာလျက်ရှိသော ပြည်သူများအား Mask မတပ်ဆင်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ကြရန်၊ လက်များကို မကြာခဏ စက္ကန့် (၂၀)ကြာအောင် စနစ်တကျ ဆေးကြောရန်၊ မဖြစ်မနေအပြင်သွားလာရန် လိုအပ်ပါက မိသားစုအတွင်း တစ်ဦးတစ်ယောက် တည်း သွားလာကြရန် အစရှိသည့် အကြောင်းအရာများကို အသိပညာပေးဆောင်ရွက်ပြီး Mask များ တပ်ဆင်ခြင်းမရှိပဲ သွားလာနေသောအများပြည်သူများအား Mask များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်ချို(ပြန်/ဆက်)