မြစ်ကြီးနား သြဂုတ် ၂၈
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ်လွှတ်တော်ရုံး၊ လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ် (၄၅) ဦးတို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ အစားထိုးခန့်အပ်တာဝန်ပေးမည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ကြည်း(၂၉၁၉၇) ဗိုလ်မှူးကြီး ကျော်လင်းအောင်က လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်တွင် ကတိသစ္စာပြုပြီး ကတိသစ္စာ ပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များက ဗန်းမော်မြို့နယ်၊ ပြည်ထောင်စုလမ်းမကြီး မန္တလေး-ဗန်းမော်-တာဆိုင်လမ်း၊ ခူးလီကျေးရွာမှ မန္တလေး-ဗန်းမော်-မိုးမောက်၊ မြစ်ကြီးနားလမ်း၊ ကျခန်းဒတ်ကျေးရွာအထိ မြေသားလမ်းကို ကွန်ကရစ်(သို့မဟုတ်) ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း၊ ပူတာအိုမြို့နယ်၊ မူလာရှီးဒီ၊ လန်းနိုကျေးရွာ၊ မူလာအွန်ကျေးရွာနှင့် ဇီးအွန်ကျေးရွာပြည်သူများ၏ လယ်မြေဧက (၇၀၀)ကျော်ကို ရေပေးဝေနေသော ဆည်သည် မူလာချောင်း ရေတိုက်စားမှုကြောင့် လန်းနိုဆည်ထိပ် ရေတိုက်စားခြင်းမှ ကာကွယ်နိုင်ရန် ၅၀၀ ပေ ၁၂ ပေ ကျောက်စီ မြေထိန်းနံရံအား ၂၀၂၁-၂၀၂၂ခု၊ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေး တည်ဆောက်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းများအပါအဝင် မေးခွန်း (၁၀)ခုကို မေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပြီး အစည်းအဝေး တတိယနေ့ကို ရပ်နားလိုက်သည်။
မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)