ဟိုပုံးမြို့နယ်၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်(Omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်

ဟိုပုံး   ဖေဖော်ဝါရီ   ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် (Omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က တိလုံကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာတွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ ဒေသအဆင့်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းခမ်းခြူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် (Omicron) ကူးစက်ပျံ့နှံ့မှု သည် ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက် ပိုမိုများပြား လာခြင်း၊ အိုမီခရွန်မျိုးကွဲသစ်သည် မူလ ကိုဗစ်-၁၉နှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိကာကွယ်ဆေးများ၏ ထိရောက်မှု လျော့ကျနိုင်ခြင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်း တို့ကြောင့် ပြည်သူလူထုအနေဖြင့် ပြင်ပမှ ဧည့်သည်များ လက်မခံပါရန်နှင့် အခြားသူများထံသွားရောက်ခြင်း မပြုရန်၊ တတ်နိုင်သမျှ အိမ်မှာနေရန်၊ အပြင်ထွက်တိုင်းပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်၍ သွားလာကြရန်၊လက်ကိုမကြာ ခဏဆပ်ပြာနှင့် စနစ်တကျ စက္ကန့် (၂၀)ကြာ ဆေးကြောကြရန်၊ လူထူထပ် သောနေရာများသို့ သွားရောက်ခြင်း မှရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း (Mask) မတပ် ဆင်ထားသောသူများနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံရန်၊ ကာကွယ်ဆေးထိုးနှံပြီး သော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာကြရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လုပ်ငန်းလမ်းညွှန် ချက်များနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ကြရန်၊ တတ်နိုင်သမျှ ပြည်သူအားလုံးပူးပေါင်း ဆောင်ရွက်ကြရန်စသည့် အသိပညာပေးလုပ်ငန်းများကို လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)