ပုံပါကျင် ဖေဖော်ဝါရီ ၁၇
ကိုဗစ်-၁၉ မျိုးဗီဇကွဲ အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ယနေ့ နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များ၌ ပြည်သူများ လိုက်နာရမည့်အချက်များအား မြန်မာ၊ ရှမ်း နှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးဗီဇကွဲ အိုမီခရွန်ရောဂါကူးစက်မှုပြတ်တောက်ပြီး ထိထိရောက်ရောက် ကာကွယ်နိုင်ရန် အိမ်တွင်း၌သာ နေထိုင်ရန်၊ ပြင်ပဧည့်သည်များအား အိမ်တွင်လက်မခံရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင်ရန်၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ရန်၊ လူစုလူဝေး ပြုလုပ်သွားလာခြင်းကို ရှောင်ကျဉ်ရန်၊ လက်ကိုဆပ်ပြာနှင့် စနစ်တကျ မကြာခနဆေးရန်၊ နေအိမ်ရှိ ပြတင်းပေါက်များအား လေဝင်လေထွက်ကောင်းအောင် ဖွင့်ထားရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ဆက်သွယ်ပြီး ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို အမြန်တားဆီးကာကွယ်နိုင်ရန်အတွက် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းကို ပြည်သူများ ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် စသည့် အချက်များကို Hand speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။
အဆိုပါ အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၁) ရပ်ကွက်နှင့် အမှတ်(၅) ရပ်ကွက်များသို့ သွားရောက်နှိုးဆော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သန္တာ