တောင်ကြီး ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်နယ်တွင် နိုင်ငံတော်၏ စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန်နှင့် နိုင်ငံတွင်း လိုအပ်လျက်ရှိသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ကျောင်းပြင်ပရောက်ရှိနေသော ၁၆ နှစ် နှင့် ၁၈ နှစ်ကြား ကလေးများ၊ လူငယ်များအား ရှမ်းပြည်နယ် ကလေး အလုပ်သမားများပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီမှ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း (၁) လ သင်တန်းကို တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ ပုံဆွေပင်ကျေးရွာ၊ ပုံဆွေပင်ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီ အချိန်ခန့်က သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ရှမ်းပြည်နယ်အစိုးရ၏ ဘဏ္ဍငွေထောက်ပံ့မူဖြင့် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ၊ အတွင်းရေးမှူးပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမျိုးနိုင်က ရှမ်းပြည်နယ်အတွင်း ကျောင်းပြင်ပရောက်ရှိနေသော အသက် ၁၆ နှစ်မှ ၁၈ နှစ်ကြား လူငယ်များအား မိသားစုများအတွက် သင့်တော်ကောင်းမွန်သော အသက်မွေး၀မ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်း များရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ ပုံဆွေပင်ကျောင်း ဆရာတော် ဘဒ္ဒန္တအာနန္ဒက သင်တန်းဖွင့်လှစ်ပေးသည့်အတွက် သြဝါဒ ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်အလုပ်သမားညွှန်ကြားရေးဉီးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမျိုးနိုင်က သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများအတွက် စားစရိတ်ထောက်ပံငွေများကို ပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့သည်။
အဆိုပါ သင်တန်းတွင် သင်တန်းသား (၂၀)ဦး တက်ရောက်လျက်ရှိပြီး အသေးစားစက်မှုလက်မှုဦးစီးဌာနမှ သင်တန်းနည်းပြ (၂) ဦးက ဖေဖော်ဝါရီလ၁၆ ရက်နေ့မှ မတ်လ ၁၇ ရက်နေ့အထိ စာတွေ့/လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ပြီး အခြေခံမော် တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းဆိုင်ရာ အတတ်ပညာရပ်များအား စနစ်တကျလေ့ကျင့်သင်ကြားပေးခြင်းဖြင့် လူငယ်လူ ရွယ်များအတွက် သင့်တော်ကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေမှာဖြစ်ကြောင်း သိရှိရသည်။
စိုင်းသန်းကျော်(ပြန်/ဆက်)