နောင်တရား ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၌ ခေတ္တခိုလုံ ရောက်ရှိနေသည့် ကယားပြည်နယ်မှ တိုက်ပွဲရှောင်ပြည်သူများ မိမိတို့ဒေသတွင်း ပြန်လည်တည်ငြိမ်း အေးချမ်းလာသဖြင့် ယမန်နေ့ မိမိကျေးရွာဇာတိသို့ ပြည်လည်ထွက်ခွာ လျက်ရှိကြောင်း နောင်တရားလူငယ်များ ပရဟိတအဖွဲ့မှ သိရသည်။
“နောင်တရားမှာ ခေတ္တခိုလုံရောက်လာတဲ့ ကယားပြည်နယ်က တိုက်ပွဲရှောင်တွေတချို့တော့ ပြန်သွားကြပါပြီး ဒီနေ့ကလွိုင်ကော်မြို့ ပန်းကန်ရပ်ကွက်က ပြည်သူတွေပါ၊ အနည်းငယ် ပြန်လည်တည်ငြိမ်လာလို့ မိမိဒေသကို တကယ်ပြန်ကြရတော့ ဝမ်းသာမိပါတယ်” ဟု နောင်တရားလူငယ် ပရဟိတအဖွဲ့မှ ဦးခွန်ဆန်းဦးက ပြောသည်။
နောင်တရားမြို့၌ ရတနာရန်နိုင်စေတီ၊ ဗုဒ္ဓဓမ္မတောင်၊ ရွှေဘုန်းပွင့်ပညာဒါနကျောင်းများတွင် ကယားပြည်နယ်မှ တိုက်ပွဲရှောင် ပြည်သူများ ခေတ္တခိုလုံရန်အတွက် နေရာထိုင်ခင်း၊ အစားသောက်များ စီမံဆောင်ရွက်ပေးခြင်းနှင့် ကလေးများအတွက် အခြေခံဘာသာ ရပ်များ သင်ကြားပေးနိုင်ရန် စသင်ကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးသည်။ ထို့ပြင် အခြားကျေးရွာများရှိ တိုက်ပွဲရှောင် ပြည်သူများအတွက် ဆန်၊ ဆီ၊ ဆားနှင့် အခြားအခြေခံ စားသောက်ကုန်များ၊ လူသုံးကုန် ပစ္စည်းများနှင့် အသုံးအဆောင် ပစ္စည်းများကိုလည်း ပြန်လည်မျှဝေ လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
ခွန်အောင်