ရေး ဖေဖော်ဝါရီ ၁၇
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုမွန်အမျိုးသားနေ့ အလံတင်အခမ်းအနားကို အံဒင်ကျေးရွာအုပ်စု နှီးနူကျေးရွာဘုရားကွင်း၌ ယမန်နေ့နံနက် ၆ နာရီက ကျင်းပခဲ့ကြသည်။
ရှေးဦးစွာ မွန်ပြည်နယ်အလံလွှင့်တင်ပြီး တက်ရောက်လာကြသူများမှ အလေးပြုပြီးနောက် သဘာပတိ နှစ်ကရုပ်ဆရာတော်မှ သြဝါဒမိန့်ကြားခြင်း၊ ရန်ကုန်သွေးဆေးကန် မွန်ကျောင်းဆရာတော်မှ အမှာစကားပြောကြားခြင်း၊ သဘာပတိ နိုင်စဒေါ်င်ထောက အမှာစကားပြောကြားခြင်း၊ မွန်ပြည် သစ်ပါတီဥက္ကဋ္ဌ နိုင်ဟံသာထံမှပေးပို့သော သဝဏ်လွှာကို မွန်ဆက်ဆံရေးတာဝန်ခံ နိုင်အိုင်းမွန်မှ ဖတ်ကြားခဲ့ကြသည်။
ဆက်လက်ပြီး မွန်အမျိုး သားနေ့ကျင်းပရေးကော်မတီဥက္ကဋ္ဌ နိုင်အောင်ရှိန်မှ အခမ်းအနားကျင်းပခြင်းနဲ့ပတ်သက်၍ အမှာစကား ပြောကြားပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းမှပေးပို့သော သဝဏ်လွှာကို ရေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမျိုးအောင်က ဖတ်ကြားခြင်း၊ မွန်ညီညွတ်ရေးပါတီမှ ပေးပို့သောသဝဏ်လွှာကို နိုင်ရှမ်းလေးမှ ဖတ်ကြားခြင်းနှင့် မွန်ဆရာမတစ်ဦးမှ (၇၅)နှစ်မြောက် မွန်အမျိုးသားနေ့ ပိုစတာ ဆိုင်းဘုတ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူများ၊ မွန်ညီညွတ်ရေးပါတီမှာ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၀၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်သိမ့်သိမ့်ရည်( ပြန်/ဆက်)