မြစ်ကြီးနား ဖေဖော်ဝါရီ ၁၆
ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ ပြည်နယ်မှ သွားရောက်ပါဝင်ခဲ့ကြသော တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့များအား ယနေ့ နံနက် ၈ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါနော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် ပြည်နယ်ကိုယ်စားပြု သွားရောက်ပြီး ပြည်ထောင်စုစိတ်ဓာတ်နှင့်အတူ အပြုံးပန်းများဖြင့် ပါဝင်ကပြ ဖျော်ဖြေပေးခဲ့ကြသည့်အတွက် ပြည်နယ်ကိုယ်စား ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဆက်လက်၍လည်း နိုင်ငံ့တာဝန်များကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တစ်ဦးနှင့် တစ်ဦး စည်းလုံးညီညွတ်စွာဖြင့် တာဝန်ကျေပွန်အောင် ထမ်းရွက်ကြရန်လိုကြောင်း ဂုဏ်ပြုပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် သွားရောက်ပါဝင်ဆင်နွှဲခဲ့ရသည့် အတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က နေပြည်တော်တွင် သွားရောက်ပါဝင်ခဲ့ကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင်များထံ အမှတ်တရလက်ဆောင်အဖြစ် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ထုတ်ဝေထားသည့် နှစ်ပတ်လည်မဂ္ဂဇင်း စာအုပ်များကို ပေးအပ်ခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်တွင်းနေရပ် စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ ညီနောင်တိုင်းရင်းသားများ နေရပ်စွန့်ခွာ၍ ခေတ္တနေထိုင်ရာစခန်းများတွင် နေထိုင်လာခဲ့သည်မှာ ၁၂ နှစ်နီးပါး ကြာမြင့်ပြီဖြစ်ပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့်လည်း ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် အလေးထား ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့အနေဖြင့်လည်း ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးအတွက် မူလနေထိုင်ရာဒေသသို့ ပြန်လည်နေထိုင်နိုင်ရေး၊ မူလနေထိုင်ရာဒေသနှင့် အနီးဆုံးနေရာများတွင် ပြန်လည်နေရာချထား ပေးနိုင်ရေးနှင့် ယာယီခိုလှုံရာ နေရာစခန်းများအနီးတွင် နေထိုင်ရေးတို့အတွက် အလေးထား ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ဘာသာရေးအဖွဲ့များမှ ခေါင်းဆောင် များ၊ အရပ်ဖက် လူမှုရေးအသင်းအဖွဲ့များ၊ ICRC မှ တာဝန်ခံတို့က ပြည်နယ်အတွင်းရှိ မြို့နယ်များအလိုက် နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ၎င်းတို့၏နေရပ်တွင် ပြန်လည်နေထိုင်နိုင်ရေးအတွက် လိုအပ်သည့် နေအိမ်၊ ရေ၊ မီး လိုအပ်ချက်များ ပြင်ဆင်ဖြည့်စွက် ဆောက်လုပ်ပေးနေမှု အခြေအနေများ၊ ငွေပျော်စံပြကျေးရွာနှင့် ဝိုင်းမော်မြို့နယ် နန်ဆန်ယန်၊ ကန်တော်ယန်ကျေးရွာတို့တွင် နေအိမ်များ ပြုပြင်ဆောက်လုပ်ခြင်းနှင့် အသစ်ထပ်မံတိုးချဲ့ ဆောက်လုပ်နေမှု အခြေအနေများ၊ ချီဖွေမြို့နယ်အတွင်း နေအိမ်အဆောက်အအုံများ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ကူညီထောက်ပံ့မှု ဆောင်ရွက်ပေးနေသည့် အခြေအနေများကို ရှင်းလင်းတင်ပြ ဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ရှိဆောင်ရွက်လျက်ရှိသည့် နေအိမ်အဆောက် အအုံများ၊ ရေ၊ မီး ရရှိရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များကို ယခုနှစ်ပွင့်လင်းရာသီအတွင်း အမြန်ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို အဖွဲ့အစည်းအသီးသီးနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)