တပ်ကုန်းမြို့နယ် သံဃာ့နာယကအဖွဲ့ဝင် ဆရာတော်များ အနားယူခြင်းနှင့် အစားထိုးရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးကျင်းပ

တပ်ကုန်း ဖေဖော်ဝါရီ ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ် သံဃာ့နာယကအဖွဲ့ဝင် ဆရာတော်များ အနားယူခြင်းနှင့် အစားထိုး ရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ မြို့နယ်ဗုဒ္ဓသာသနာပြု ဗိမာန်တော်ကြီးတွင် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် သဘာပတိဆရာတော်အဖြစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်း သံဃာ့နာယကအဖွဲ့(ဥက္ကဋ္ဌ) တပ်ကုန်းမြို့နယ် ရွှေအင်းရိပ်သာကျောင်းတိုက် ဘဒ္ဒန္တပညာ သာမိ (အဂ္ဂမဟာမဏ္ဍိတ)ဆရာတော်၊ အခမ်းအနားမှူးဆရာတော်အဖြစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်း သံဃာ့နာယကအဖွဲ့ (အကျိုးတော်ဆောင်) လယ်ဝေးမြို့နယ် နောင်ဘိုဂိုဏ်းထောက် ကျောင်းတိုက် ဘဒ္ဒန္တသုစိတ္တ (မဟာသဒ္ဓမ္မဇောတိကဓဇ) ဆရာတော်တို့က ဆောင်ရွက်တော်မူခဲ့ပြီး၊ “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး အစည်းအဝေးစတင်ခဲ့၍ သဘာပတိဆရာတော်က ဩဝါဒကထာ မြွက်ကြားပြီးနောက် သာသနာရေးဆိုင်ရာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ကိုယ်စား) မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုးက လျှောက်တင်ခဲ့ပြီး၊ စည်းကမ်းချက်များနှင့်အညီ မြို့နယ်သံဃာ့နာယကအဖွဲ့ဝင် ဆရာတော်များ အနားယူခြင်းနှင့် အစားထိုးရွေးချယ်ခြင်း ဆောင်ရွက်တော်မူခဲ့ကြသည်။

အစားထိုးရွေးချယ်ခဲ့သည့် ဆရာတော်များက မြို့ဦးပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တပဏ္ဍဝ(ဥက္ကဋ္ဌ)၊ ငွေတောင်တောရ ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တသောမန(ဒု-ဥက္ကဋ္ဌ)၊ ရွှေအင်းရိပ်သာ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တတေဇိန္ဒ (အကျိုးတော်ဆောင်)၊ မဟာဇနက ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တကေသရ(အဖွဲ့ဝင်)၊ ဇောတိကာရာမ ပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တစန္ဒာသိရိ (အဖွဲ့ဝင်)၊ မဟာသီဟနာဒ ပရိယတ္တိစာသင်တိုက် ဆရာတော် ဦးပဏ္ဍိတသီရိ (တွဲဖက်အကျိုး တော်ဆောင်)၊ မြို့နယ် သာသနာ့ဝေပုလ္လကျောင်းတိုက် ဘဒ္ဒန္တခေမိန္ဒ (အဖွဲ့ဝင်)၊ ကြိုးကြာအင်းကျောင်းတိုက် ဘဒ္ဒန္တသုမင်္ဂလ (အဖွဲ့ဝင်)တို့ကို ရွေးချယ်တော် မူခဲ့ကြသည်။

ဆက်လက်၍ ရွေးချယ်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ငွေတောင်တောရ ပရိယတ္တိစာသင်တိုက် ဘဒ္ဒန္တကောဏ္ဍညဆရာတော်၊ ရွှေအင်းရိပ်သာ ပရိယတ္တိစာသင်တိုက် ဘဒ္ဒန္တပညာလင်္ကာရ ဆရာတော် (၂)ပါးအား တိုင်းသံဃာ့ဝန်ဆောင်များအဖြစ် ရွေးချယ်တော် မူခဲ့ကြောင်း သိရသည်။

တင်စိုးလွင်