မြောက်ဦး ဖေဖော်ဝါရီ ၁၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ် ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောက်ဦးခရိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်မှ အိုမီခရန်ရောဂါပိုး မြန်မာနိုင်ငံထဲတွင် ပျံ့နှံ့လာပြီဖြစ်၍ ဝန်ထမ်းများ ကျန်းမာရေးဂရုစိုက်ကြရန်နှင့် အပြင်ထွက်တိုင်း Mask တပ်ကြရန်၊ နွေရာသီ ရောက်ရှိလာပြီဖြစ်၍ ဦးစီးဌာနများရှိ ရုံးအဆောက်အအုံများတွင် မီးသတ်ဆေးဗူးများ ထားရှိနိုင်ရန် မှာကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဒုတိယရဲမှူးကြီး ခင်မောင်စိုးကလည်း ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင် ကြရန်နှင့် မြို့နယ်အတွင်းတွင် လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း အသိပညာပေး ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကိုလည်း ပြောကြားခဲ့သည်။ ပြီးနောက် ခရိုင်မီးသတ်ဦးစီးမှူးမှလည်း ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆက်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြောက်ဦးမြို့ရှိ နေအိမ်များ၌ လိုက်လံ၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် စစ်ဆေးခြင်းနှင့် ခရိုင်ပညာရေးမှူးက စာသင်ကျောင်းများတွင်လည်း ကျောင်းသူ/ ကျောင်းသားများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ Mask တပ်ပြီးမှသာလျှင် ကျောင်းဝင်းထဲသို့ ဝင်ရောက်ရန်နှင့် အထက်တန်းပြ၊ အလယ်တန်းပြဝန်းထမ်းများ ခန့်ထားနိုင်ရန်အတွက် စာမေးပွဲများ စစ်ဆေးနေပြီဖြစ်ကြောင်း၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းလွှာများ လုံခြုံစွာ သိမ်းဆည်းထားနိုင်ရန်နှင့် စာမေးပွဲဖြေဆိုနေချိန်တွင် လုံခြုံရေးအတွက် အရေးကြီးကြောင်းတို့ကို ပြောကြားခဲ့သည်။ ခရိုင်ဆရာဝန်မှလည်း မြောက်ဦးမြို့တွင် ပြည်သူများကို အိုမီခရန်ရောဂါ ကြိုတင်ကာကွယ်ရန်အတွက် ဆက်တိုက်အသိပညာပေး လုပ်ငန်းများကို ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်တို့ကို လည်းကောင်း ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှလည်း ပန်းခင်းစီမံချက် ပြီးစီးမှုအခြေအနေတို့ကို လည်းကောင်း ပြောကြား ခဲ့ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ခရိုင်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အပေါ်အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်စိုး